အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းတို့ တံခွန်စိုက်ဆုဖလားများ ဆွတ်ခူးရရှိ

နေပြည်တော်၊ ဇွန် ၁၉

ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှ စတင်၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

ယနေ့ ဘော်လီဘော(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အသက်အငယ်ဆုံးနှင့် အတိုးတက်ဆုံး မျိုးဆက်သစ်အားကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုများရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင် ပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုများရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူ များက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် မွန်ပြည်နယ်အသင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၅)သိန်းစီကိုလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ် အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို ရှမ်းပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်တို့က တစ်ဦးချင်းဆု တံဆိပ်များကိုလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း က ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၂၀)စီနှင့် တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ပြိုင်ပွဲကာလ ၁၀ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။