![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၁၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလော မြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား/ သင်တန်းသူများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ရှမ်းပြည်နယ်အတွင်းရှိ ကလောမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြေစေရေးနှင့် အားကစားကွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဂိုးတိုင်/ဂိုးပိုက်များ စနစ်တကျတပ်ဆင်ထားရှိရန်၊ ဘောလုံးကွင်း ရေဖြန်းစနစ်များ ကောင်းမွန်စေရေးနှင့် ရေလုံလောက်စွာရရှိစေရေးတို့အတွက် ရေလိုင်း၊ မီးလိုင်းများ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ သန့်ရှင်းရေးပုံမှန်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များကို လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီးမြို့နယ် ပြည်နယ်အားကစားကွင်းသို့ သွားရောက်၍ အားကစားကဏ္ဍမြင့်မားစေရန်အတွက် Football for School အစီအစဉ်များကို ရက် ၁ဝဝ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘောလုံးအခြေခံသင်တန်းတွင် နည်းပြ ၂၂ ဦးတို့က သင်တန်းသား/သင်တန်းသူ ၃ဝဝ ဦးတို့ကို အခြေခံဘောလုံးနည်းစနစ်များ စနစ်တကျ လေ့ကျင့် သင်ကြားပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အားကစားပစ္စည်းများနှင့် အင်အားဖြည့် အချိုရည်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများ မွေးထုတ်ပေးနိုင်စေရန်အတွက် အားကစားနည်းအလိုက် အခြေခံအားကစားသင်တန်းများကို အခြေခံပညာကျောင်းများတွင် ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘောအမျိုးသားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မွန်ပြည်နယ် အသင်းနှင့် ချင်းပြည်နယ်အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် မိမိတာဝန်ကျဒေသ၏ အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားစေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




