အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၁၇

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (A)၌ ကျင်းပခဲ့သည်။

ဦးစွာ တင်ဒါကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခုအား လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော ကုမ္ပဏီများ တင်ဒါအောင်မြင်ခဲ့သည့်အတွက် လုပ်ငန်းများအပ်နှံစာချုပ် ချုပ်ဆိုရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများကို သတ်မှတ်အရည်အသွေး၊ စံချန်/စံညွှန်းနှင့်အညီ လုပ်ဆောင် ပေးသွားမည်ဟု ယုံကြည်သည့်အတွက် ကုမ္ပဏီများကို လုပ်ငန်းအပ်နှံခြင်းဖြစ်၍ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးတို့အတွက် လုပ်ငန်းများအား QA/QC ငှားရမ်းဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူထားရှိပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက် ပေးသွားရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် အရည်အသွေးပိုင်းကို ဦးစားပေး တည်ဆောက်ပေးသွားရန်နှင့် စာချုပ်ပါအချက်အလက်များကို တိတိ ကျကျ လေးစားလိုက်နာပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြန်လည်အပ်နှံနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီးနောက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီတစ်ခုချင်းစီအလိုက် စာချုပ်တွင် လက်မှတ် ရေးထိုးခြင်းများကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။