အားကစားရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊‌ ရွှေညောင်မြို့နယ်အားကစားကွင်းနှင့် ကလောမြို့နယ် အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ဇွန် ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) မှ ကျောင်းအုပ်ကြီးတို့နှင့်အတူ ဇွန်လ(၁၁)ရက် နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရရှိစေရန် ရေတို၊ ရေရှည် စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ယခင်ထက်ပိုမိုရရှိစေရန် နည်းပြနှင့်အားကစားသမားများက ခံယူချက်ထားပြီး ကြိုးစားဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက် ခြင်းဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင်ကြရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ကြီးမှ ကျောင်း၏လိုအပ် ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြ ခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ရှိ ရေကူးကန်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့လေ့ကျင့်ရေးရုံတို့အား လည်း‌ကောင်း၊ ပြေးခုန်ပစ်ကွင်းနှင့်ဘောလုံးကွင်းတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရွှေညောင်မြို့နယ် အားကစားကွင်းသို့ ရောက်ရှိပြီး အသစ်ဆောက်လုပ်ပြီးဖြစ်သည့် အားကစားရုံနှင့်အားကစားကွင်း တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ ရေရှည်တည်တံ့စေရေးနှင့်အားကစားကွင်း ဥပဓိရုပ် ကောင်းမွန်ရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြား‌ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကလောမြို့နယ်အားကစားကွင်းသို့ ရောက်ရှိပြီး ကလောမြို့နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အထွေထွေတင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် Pilot project အစီအစဉ်ဖြင့် Football for School program အရ အရည်အချင်းမြင့်မားသည့် အားကစားသမားများ ပေါ်ပေါက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်‌ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဘောလုံးသင်တန်း လေ့ကျင့်သင်ကြားပို့ချပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများအား အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။