![]()
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ်/ခရိုင်/မြို့နယ်မှ အရာထမ်း/အမှုအထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ အားကစားသမားများ လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
တောင်ကြီး၊ ဇွန် ၁၀
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ဇွန်လ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအစည်းဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် အရည်အသွေးပြည့်ဝသည့် အားကစားသမားများကို စဉ်ဆက်မပျက်ရှာဖွေပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါကြောင်း၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများပေါ်ပေါက်လာစေရန် ငယ်စဉ်ကတည်းက မျိုးစေ့ချ ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်နှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြကြရာ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် Pilot project အစီအစဉ်ဖြင့် Football for School program အရ အရည်အချင်းမြင့်မားသည့် အားကစားသမားများ ပေါ်ပေါက်လာစေရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဘောလုံးသင်တန်း လေ့ကျင့် သင်ကြားပို့ချပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်အားကစားလေ့ကျင့်ရေးဝန်း၌ နေ့စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဘော်လီဘောအားကစားနည်းနှင့် ဘက်စကတ်ဘော အားကစားနည်း လေ့ကျင့်သင်ကြားပေးနေမှုအားလည်းကောင်း၊ လက်ဝှေ့အားကစားရုံနှင့် ဘိလိယက်လေ့ကျင့်ကစားနေမှုအားလည်းကောင်း၊ Gym အားကစားခန်း၌ Gym ကစားနေမှု အားလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားနှင့် စားပွဲတင်တင်းနစ်ကစားနေမှုအားလည်းကောင်း၊ ဗိုဗီနမ်အားကစားနှင့်ဝူရှူးအားကစားလေ့ကျင့်နေမှု အခြေနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


