အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇွန် ၇

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း အမျိုးသမီး ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြှင့်မြားလာစေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ (၁၅း၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌနှင့်ဇနီး ၊ လွှတ်တော်ဒုတိယဥက္ကဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အတွင်းရေးမှူးနှင့်ဇနီး ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ကျောင်းသား / ကျောင်းသူများ ၊ ဖိတ်ကြားထားသူများ၊ ဆုရအသင်းများမှ အုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ နှင့် ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်းလွဲ (၁၅း၀၀)နာရီအချိန်၌ ဗိုလ်လုပွဲစဥ်အဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း နှင့် တောင်ကြီးခရိုင် အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါပွဲစဥ်၌ တောင်ကြီးခရိုင် အသင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို (၂) ဂိုး ၊ (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကာ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပထမဦးစွာဂိုးသမားအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော တောင်ကြီးခရိုင် အသင်းမှ ကျောနံပါတ် (၁) မချမ်းမြေ့ရတနာကို အကောင်းဆုံးရုပ်တုနှင့်ငွေသားဆု (၁)သိန်းကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်အတွင်းရေးမှူး၏ဇနီး ကလည်းကောင်း ၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ ကျောနံပါတ် (၁၆) မဇင်သူလှိုင်ကို အကောင်းဆုံးရုပ်တုနှင့်ငွေသားဆု (၁)သိန်းကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ကလည်းကောင်း ၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ ကျောနံပါတ် (၈) မမူကေဇင်ထွဋ်ကို အကောင်းဆုံးရုပ်တုနှင့်ငွေသားဆု (၁)သိန်းကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ၏ဇနီးကလည်းကောင်း ၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော လွိုင်လင်ခရိုင် အသင်းမှ ကျောနံပါတ် (၁၄) မငြိမ်းအိအိလွင်ကို အကောင်းဆုံးရုပ်တုနှင့်ငွေသားဆု (၁)သိန်းကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကလည်းကောင်း ၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော တောင်ကြီးခရိုင် အသင်းမှ ကျောနံပါတ် (၁၅) မဆန်းဆန်းပွင့်ကို အကောင်းဆုံးရုပ်တုနှင့်ငွေသားဆု (၁)သိန်းကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ကလည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသွားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းကို ငွေသားဆု (၅)သိန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း က လည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသွားသော လွိုင်လင်ခရိုင် အသင်းကို ငွေသားဆု (၅)သိန်းအား ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းထွန်းစိန်က လည်းကောင်း ၊ ဒုတိယဆုရရှိသွားသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို တစ်ဦးချင်းဆုတံဆိပ်အား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၏ဇနီးက လည်းကောင်း ၊ ငွေသားဆု (၇)သိန်းအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံကျော်က လည်းကောင်း ၊ ပထမဆုရရှိသွားသော တောင်ကြီးခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်အား ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း ၊ ငွေသားဆု (၁၀)သိန်းနှင့်တံခွန်စိုက်ဆုဖလားတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရကာ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်းက ပူးတွဲတတိယဆုရရှိသွားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့်လွိုင်လင်ခရိုင်အသင်းတို့အား ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေ (၂)သိန်းစီအားလည်းကောင်း ၊ ဒုတိယဆု ရရှိသွားသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေ (၃)သိန်းအားလည်းကောင်း ၊ ပထမဆု ရရှိသွားသော တောင်ကြီးခရိုင်အသင်းအား ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေ (၅)သိန်းတို့အားလည်းကောင်းထပ်ဆောင်းချီးမြှင့်ပေးသွားပါကြောင်းသိရှိခဲ့ရပါသည်။