![]()
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ဂျူဒိုနည်းပြသင်တန်း (အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန် ၈
အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(MOC)၊ အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်(IJF)နှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်(MJF)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဂျူဒိုနည်းပြ သင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြ အယ်လ်ဂျီးရီးယားနိုင်ငံသား Mr. Amar Meridja နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ ၏ မိန့်ခွန်းပါလမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားစေရေးအတွက် အားကစားရေးရာဝန်ကြီးဌာနမှ ရက်ပေါင်း ၁၀၀ အတွင်း စီမံချက်အဖြစ် ယခုဂျူဒိုနည်းပြသင်တန်း (အဆင့်-၁)အား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် အိုလံပစ်အားကစားနည်းတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသာမက စည်းကမ်း၊ လေးစားမှုနှင့်စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ သွန်သင်ပေးနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ၊ အာရှနှင့်နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၃၅ ခု၊ ငွေတံဆိပ် ၅၀ ခုနှင့် ကြေးတံဆိပ် ၉၇ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး ဂုဏ်ယူစွာဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရှိခဲ့ ရပါကြောင်း၊ ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နည်းပြသင်တန်းများဖွင့်လှစ် ပေးခြင်း၊ ပြိုင်ပွဲများကျင်းပပေးခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေခြင်း များနှင့် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်းများအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အားကစားသမားများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယခုလို ရွှေတံဆိပ်ဆု များ ထပ်မံဆွတ်ခူးရယူပေးနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိစေရန်အတွက် အရည်အချင်းပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများသာမက နည်းစနစ်ပိုင်းနှင့်နည်းဗျူဟာများကို နားလည် ကျွမ်းကျင်သည့် နည်းပြများလိုအပ်ပါကြောင်း၊ ဂျူဒိုနည်းပြတစ်ဦး၏ အရေးကြီးဆုံးတာဝန်သည် “အစကောင်းမှ အနှောင်းသေချာ”ဆိုသည့် စကားပုံအတိုင်း နည်းစနစ်မှန်ကန်မှုမရှိဘဲ သင်ကြား ပေးခြင်းသည် ထိခိုက်ဒဏ်ရာများနှင့် အကျင့်အမှားများကိုဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားကို စတင်ကစားချိန်မှစ၍ အခြေခံနည်းစနစ်များကို စနစ်တကျ မှန်ကန်စွာလေ့ကျင့်သင်ကြားပေးသွားရန် လိုကြောင်း၊ ဂျူဒိုအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဆပ်ကော်မတီများကလည်း မိမိတို့ဒေသတွင်း ဂျူဒိုအားကစားအဆင့်အတန်းအား ပိုမိုမြှင့်တင်နိုင် ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုသင်တန်းသို့ လာရောက်၍ သင်တန်းပို့ချပေးသည့် နည်းပြဆရာသည် အိုလံပစ်အားကစားပြိုင်ပွဲတွင် ၄ ကြိမ် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး World Judo Championship ပြိုင်ပွဲတွင် ဒုတိယဆုရရှိထားပြီး နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အတွေ့အကြုံကောင်းများစွာရရှိထားသည့် နည်းပြတစ်ဦးဖြစ်၍ မြန်မာဂျူဒို အားကစားသမားများအနေဖြင့် အားကျအတုယူ၍ သင်ကြားပို့ချပေးမည့် နည်းစနစ်များအား စိတ်ပါ ဝင်စားစွာ လေ့လာသင်ယူမှတ်သားသွားရန်လိုကြောင်း၊ ယခုသင်တန်းတွင် ခေတ်မီသည့် အသိပညာအသစ်များ၊ ခေတ်ပေါ်အားကစားသိပ္ပံနည်းကျ ကျွမ်းကျင်မှုများနှင့် ၂၁ ရာစု နည်းပြ စွမ်းရည်များကို လေ့လာဆည်းပူးစေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် ယခုသင်တန်း တွင် လေ့လာသင်ယူခဲ့ရသည့် အတွေ့အကြုံကောင်းများကို မိမိနေရပ်ဒေသများသို့ ပြန်လည် ရောက်ရှိပါက အချင်းချင်း ပြန်လည်မျှဝေပေးသွားရန် တိုက်တွန်းမှာကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ဂျူဒိုနည်းပြသင်တန်း (အဆင့်-၁)ကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ သင်တန်းနည်းပြ အယ်လ်ဂျီးရီးယားနိုင်ငံသား Mr. Amar Meridja က သင်တန်းသား/သင်တန်းသူ ၃၀ ဦး တို့အား နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်း ကာလ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။




