![]()
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီမန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသော အားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၄
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသောအားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အားကစားကွင်း အတွင်းရှိ Synthetic ပြေးလမ်း၊ ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ မိုးလုံလေလုံအားကစားရုံ၊ Gym အားကစား ခန်းမနှင့် ဧည့်ရိပ်သာပြင်ဆင်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစား ကွင်း/အားကစားရုံ အစဉ်အမြဲသန့်ရှင်းသာယာလှပစေရေး၊ မြက်ခင်းများစိမ်းလန်းစိုပြည်စေရေး၊ ရေဖြန်းစနစ်များကောင်းမွန်စေရေး၊ ရေလုံလောက်စွာရရှိစေရေးနှင့် မကြာမီမိုးတွင်းကာလရောက်ရှိ တော့မည်ဖြစ်၍ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများကို ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသတွင်းအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေ ရေးတို့အတွက် ရေတို၊ ရေရှည် စီမံချက်များရေးဆွဲပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးသွားရန်နှင့် Football For School အစီအစဉ်အရ ဘောလုံးအခြေခံအားကစား သင်တန်းများကို အခြေခံပညာကျောင်းများတွင် သင်ကြားလေ့ကျင့်ပေးနိုင် ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ သင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးခြင်းများကို အကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး နောက် ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်းအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းရှိ ဗထူး မိုးလုံလေလုံအားကစားရုံတို့အားလည်းကောင်း၊ ဗထူးအားကစားကွင်းအတွင်း Football For School အစီအစဉ်အရ ဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်းနှင့် ကရာတေးအားကစားနည်းများတွင် အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာများက သင်တန်းသား/သင်တန်းသူများအား အခြေခံ နည်းစနစ်များကို စနစ်တကျ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေများအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားခန်းမနှင့် စားပွဲတင်တင်းနစ် အားကစားရုံတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အတိုင်း မြန်မာ့အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အများပြည်သူစိတ်ပါဝင်စားသည့် ဘောလုံး အားကစားနည်းအပါအဝင် အခြားသောအားကစားနည်းများကိုလည်း ယခုလိုသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးခြင်းသည် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးအတွက် များစွာ အထောက်အကူဖြစ်ပါကြောင်း၊ Smart School ဖြစ်စေရန် အခြေခံပညာကျောင်းများတွင် အားကစားနည်း အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် ဆက်လက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးတို့အတွက် ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




