အားကစားရေးရာဝန်ကြီးဌာန

Loading

Nay Pyi Taw Amateur & Junior Open Championship (Road to Myanmar Junior National Team) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၂၉

ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်အရ အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး ကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ သည်။

အခမ်းအနားကို အားကစားရေးရာဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ၊ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဇော်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်အမှုဆောင်၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ၊ ဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းတို့က အသီးသီး အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ် ပေးခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ ၁၈ ကျင်းကို စတင်ယှဉ်ပြိုင်ခဲ့သည်။

ယခုပြိုင်ပွဲအား မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် အားကစားသမား ၈၀ ဦး၊ Junior အဆင့် ကစားသမား ၅၀ ဦး၊ စုစုပေါင်း ၁၃၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာဆက်တိုက် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။