အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၂၉

ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်အရ ပြည်သူ့ရေကူး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်ရေကူး အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဝဏ္ဏသိဒ္ဓိ ရေကူးကန်၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးမျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအ‌နေဖြင့် နွေရာသီရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို မတ်လ ၃ ရက်နေ့မှ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ သင်တန်းသား/သင်တန်းသူ ၁၁၀ ဦး၊ ရန်ကုန်မြို့ရှိ ဦးဝိစာရရေကူးကန်နှင့် ဒဂုံ(မြောက်)ရေကူးကန်တို့တွင် သင်တန်းသား/သင်တန်းသူ ၁၄၀ ကျော်တို့ဖြင့် အသီးသီး ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အားကစားကဏ္ဍမြင့်မားလာစေရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေးအတွက် အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားချက်များနှင့်အညီ မြန်မာ့ရေကူးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်ရေကူး မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ပြည်သူ့အစိုးရ၏ ပထမ ရက် ၁၀၀ ကာလအတွင်း ယခုနွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆)ကို ထပ်မံဖွင့်လှစ် သင်ကြားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ နွေရာသီအခြေခံ ရေကူးသင်တန်းအမှတ်စဉ်(၃/၂၀၂၆)ကို ဇွန်လ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားနည်းအလိုက် နွေရာသီအခြေခံ အားကစားသင်တန်းများကို မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်ရှိသည့် အားကစားနှင့်ကာယပညာ ကော်မတီများနှင့်ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းသည် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု မြင့်မားလာစေပြီး ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားစေခြင်းဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရေကူးအားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “အရေးကြုံက သက်လုံလည်းကောင်း အညောင်းလည်းပြေ ကိုယ်နေလည်းလှ ရေကူးကြ” ဆိုသည့် အတိုင်း အိုလံပစ်အာကစားနည်း တစ်ခုဖြစ်သည့် ရေကူးအားကစားနည်းမှ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အရှိန်အဟုန်မပြတ် ဆက်လက်လေ့ကျင့်နိုင် စေရေးတို့အတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကိုလည်း ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လူအား၊ ငွေအား၊ ပစ္စည်းအားများနှင့် ရင်းနှီးမြှပ်နှံ၍ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးလျက်ရှိသလို မိဘများ၏ အားပေးကူညီထောက်ပံ့မှုများ၊ အားကစားသမားများ၏ ကြိုးစားအားထုတ်မှုများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမှသာ မြန်မာ့ ရေကူးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး ယခုသင်တန်းမှတစ်ဆင့် အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စား ပြီး နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်ရေကူးအားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး အသက်(၁၆)နှစ်အထက် အမျိုးသား/အမျိုးသမီး နွေရာသီအခြေခံရေကူး သင်တန်းပြိုင်ပွဲမှဆုရရှိခဲ့သည့် သင်တန်းသား/သင်တန်းသူများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုကြေးငွေများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်းကောင်း၊ အသက် (၁၂)နှစ်အထက် အမျိုးသား/အမျိုးသမီး နွေရာသီအခြေခံရေကူးသင်တန်း ပြိုင်ပွဲမှ ဆုရရှိခဲ့သည့် သင်တန်းသား/သင်တန်းသူများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြု ဆုကြေးငွေများနှင့် သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ အသက် (၁၂)နှစ်အောက် အမျိုးသား/အမျိုးသမီး နွေရာသီအခြေခံရေကူး သင်တန်းပြိုင်ပွဲမှ ဆုရရှိခဲ့သည့် သင်တန်းသား/သင်တန်းသူများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုကြေးငွေများကို အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း၊ ပြိုင်ပွဲများ အသီးသီးတွင် ပထမဆုရရှိခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများအား ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ ရေကူးခွင့် Member Card များကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ သင်တန်းသား/သင်တန်းသူများ၏ ရေကူးသရုပ်ပြနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။