![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များဆက်လက်ကျင်းပ
နေပြည်တော်၊ မေ ၂၂
ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ကွင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် ပရိတ်သတ်အင်အား (၄၀၀၀)ကျော်ခန့် တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ချင်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချင်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို (၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း တွင် မွန်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှစတင်၍ ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းတွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစား ကွင်းတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရှုံးထွက်ပွဲစဉ်များမှစတင်ပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ (YTC စက်ဘီးလေ့ကျင့်ရေးကွင်း၊ ပဒေသာ၊ သန်လျင်နှင့် ပဒုမ္မာ) အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


