![]()
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော်၊ မေ ၁၉
အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေး ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် ပရိသတ်အင်အား(၆၀၀၀)ကျော်ခန့် တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၅)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ရှမ်းပြည်နယ် အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၅)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး (၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရှုံးထွက်ပွဲစဉ်များမှ စတင်၍ ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ (YTC စက်ဘီးလေ့ကျင့်ရေး၊ ပဒေသာ၊ သန်လျင်နှင့် ပဒုမ္မာ) အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် မေလ(၂၀)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်းတွင် ကယားအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


