အားကစားရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ခြင်းလုံးဒိုင်လူကြီးနှင့်နည်းပြသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၁၈

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးနှင့် နည်းပြသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ အတွင်း စီမံချက်အဖြစ် မြန်မာ့အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ရိုးရာအားကစားနည်းကို မြတ်နိုးတန်ဖိုး ထားတတ်စေရန်နှင့် မျိူးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်စေရန် ရည်ရွယ်၍ ယခု ခြင်းလုံးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအား ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပညာသည် ခက်ခဲနက်နဲ၍ သိမ်မွေ့နူးညံ့သည့် ပညာရပ်တစ်ခုဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော် ပျူခေတ်ကတည်းက ပြည်ခရိုင်၊ မှော်ဇာမြို့ ကုလားကန်ရွာအနီးရှိ ခင်ဗကုန်း ရှေးဟောင်းသုတေသနဌာနမှ ဌာပနာပစ္စည်းများ ဖော်ထုတ်ခဲ့ရာတွင် ငွေထည်ခြင်းလုံးကလေးပါရှိ ခဲ့ကြောင်းကို စာပေသမိုင်း မှတ်တမ်းများအရ သိရှိခဲ့ရပါကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းသည် မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်၍ ရှေးယခင်ကတည်းက ထိန်းသိမ်းကစားခဲ့ကြပြီး ယခုအခါ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ထိုးဖောက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နည်းဥပဒေများရေးဆွဲအတည်ပြု၍ သင်တန်းများဖွင့်လှစ်ခြင်းနှင့် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၏ ဆောင်ပုဒ်ဖြစ်သည့် “အပေးအယူ လွန်ကြည်ဖြူ၊ ခြင်းမူစာဂ မျှစိတ်တ” ဆိုသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး အပေးအယူ မျှတစွာ ကြည်ကြည်ဖြူဖြူနှင့် နားလည်မှုရှိစွာ ကစားရခြင်း “ပို့၊ ထောက်၊ ကောက်၊ ခတ် ဤလေးရပ် အစဉ်သတိချပ်” ဆိုသည့် စာသားအတိုင်း ခြင်းလုံးအားကစားနည်းသည် အသက်အရွယ်၊ လူတန်းစား ကျား/မ မရွေး ခတ်ကစားနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ခြင်းလုံးအားကစားနည်းကို ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ခြင်းလုံးအားကစားနည်းဖြင့် နိုင်ငံတော်အတွက် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၀ ခုကို ဆွတ်ခူးရယူပေးနိုင်ခဲ့၍ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်များရယူပေးနိုင်ရန် နည်းပြများ၏ အခန်းကဏ္ဍမှာလည်း အရေးပါသည့်အတွက် ယခုလို ဒိုင်လူကြီးနှင့် နည်းပြသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးသွားရန်လိုကြောင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ခြင်းလုံးအားကစားနည်းကို အရှေ့တောင်အာရှမှ အာရှ၊ အာရှမှ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ရေးအတွက် ဆက်လက်ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းကူညီ၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိအားကစားသမားများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နည်းစနစ်များကိုသာမက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် ဘက်ပေါင်းစုံမှ လေ့ကျင့်သင်ကြားပေးမှသာ ပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို စာတွေ့/ လက်တွေ့ အလေးအနက်ထားပြီး လေ့လာသင်ယူမှတ်သားသွားရန်နှင့် မိမိနေရပ်သို့ ပြန်လည် ရောက်ရှိ သည့်အခါ သင်ကြားပို့ချပေးခဲ့မှုများကို ပြန်လည်အသုံးချ၍ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ခြင်းလုံးဒိုင်လူကြီးနှင့်နည်းပြသင်တန်း (၁/၂၀၂၆)ကို ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ နည်းပြ ၈ ဦးတို့က သင်တန်းသား/ သင်တန်းသူ ၃၀ ဦးတို့အား နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းကာလ ၈ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။