အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အုပ်စု(ခ) ပဲခူးဇုံ၏ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၊ မေ ၁၇

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အုပ်စု(ခ) ပဲခူးဇုံ၏ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၀၈:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစား နှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာအားကစားနှင့် ကျင်းပပြုလုပ်ရာအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်သည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီး မိတ်ဆက်ခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် နေထိုင်ကြသည့် ဘောလုံးအားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများကို အထောက်အကူပြုနိုင်မည့် ထူးချွန်ထက်မြက်သည့် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် အမျိုးသားအားကစားပြိုင်ပွဲ(National Games) ဖြစ်သည့်အတွက် ပြည်သူအားလုံးက စိတ်ပါဝင်စားပြီး တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက် အားပေးလျက်ရှိသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့ ဘောလုံးအားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် အရံအင်အားများဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား အသက်မှန်မှန်ကန်ကန်ဖြင့် တရားမျှတစွာ ပါဝင်ယှဉ်ပြိုင် ကစားနိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက် ပေးသွားကြရန်လိုအပ်ကြောင်း၊ ယခုကျင်းပမည့်ပြိုင်ပွဲနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် များသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် မကိုက်ညီသော အားကစားသမားများကို ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ အသက်မှန်ကန်မှုမရှိခြင်းနှင့် မှတ်ပုံတင် မမှန်မကန် ပြုလုပ်ထားခြင်းများကို စိစစ်တွေ့ရှိပါက ၎င်းအားကစားသမားကို ပြိုင်ပွဲဝင်အသင်းမှ ထုတ်ပယ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ/နည်းပြများကိုလည်း လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုတိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၅ သင်း၊ ပြိုင်ပွဲဝင်အင်အား ၃၄၅ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်၍ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပရေး ဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အခြားလိုအပ်ချက်များနှင့် စပ်လျဉ်း ၍ အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၊ ပုသိမ်မြို့ရှိကိုးသိန်းအားကစားကွင်းနှင့် ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းတို့တွင်လည်းကောင်း၊ ကွာတား ဖိုင်နယ်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ၂ဝ၂၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှ ၂ ရက်နေ့အထိရန်ကုန်မြို့ရှိ (YTC စက်ဘီးလေ့ကျင့်ရေးကွင်း၊ ပဒေသာ၊ သန်လျင်၊ ပဒုမ္မာနှင့် သုဝဏ္ဏ) အားကစား ကွင်းတို့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။