အားကစားရေးရာဝန်ကြီးဌာန

Loading

MFF – Royal D U15 Youth League 2026 ပြိုင်ပွဲ၏ Official Kick-Off Event အခမ်းအနားကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် Royal D တို့ ပူးပေါင်းကျင်းပသည့် MFF – Royal D U15 Youth League 2026 ပြိုင်ပွဲအတွက် တရားဝင်မိတ်ဆက်ခြင်း (Official Kick-Off Event) အခမ်းအနားကို ယနေ့ မေလ ၁၄ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MFF Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ယခင်နှစ် MFF U-15 League ပြိုင်ပွဲမှတ်တမ်း ဗီဒီယိုဖိုင်အား ပြသခဲ့ပြီးနောက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်၊ လူငယ်ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Royal D မှ Senior Commercial Manager ဒေါ်ဆုသာနိုင်က ပြိုင်ပွဲအား ပံ့ပိုးကူညီရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် Royal D ဘက်မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးရဲဝင်းထွန်းက ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကာ ပြိုင်ပွဲဝင်အသင်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယခုကျင်းပမည့် MFF – Royal D U15 Youth League 2026 သည် လူငယ်ဘောလုံးသမားများ အရည်အသွေး တိုးတက်လာစေရန်နှင့် အလားအလာရှိသော မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ယခုနှစ် ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိ လူငယ်များ ပါဝင်ခွင့်ရရှိစေရန်အတွက် ဇုန်ကြီး (၄) ဇုန် ခွဲခြား၍ အဆင့်ဆင့် ကျင်းပသွားမည် ဖြစ်ပါသည်။

ဒုတိယအဆင့် (Second Stage): ရန်ကုန်ဇုန်တွင် ပြိုင်ပွဲဝင်အသင်း (၂၀) ပါဝင်မည်ဖြစ်ပြီး ဇွန်လ ၁၃ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ တစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နယ်ဇုန်များ: မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်ဇုန်များတွင် အသင်း (၈) သင်းစီဖြင့် နှစ်ကျော့စနစ် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နောက်ဆုံးအဆင့် (Final Stage): ဇုန်အလိုက် အကောင်းဆုံး (၈)သင်း (ရန်ကုန်မှ ၄ သင်း၊ နယ်ဇုန်များမှ ပထမရ ၃ သင်းနှင့် အမှတ်အများဆုံးရ ဒုတိယ ၁ သင်း) ကို ရွေးချယ်၍ ချန်ပီယံလုပွဲ ကျင်းပမည် ဖြစ်ပါသည်။