![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၁၃
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကျောင်းကုန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ ပုသိမ်မြို့မှ ကျောင်းကုန်းမြို့သို့ ထွက်ခွာခဲ့ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်အရ ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် မြို့မဘောလုံးကွင်းတွင် ဘောလုံးနည်းပြ ၆ ဦးတို့က အားကစားသမား ၁၀၀ ဦးတို့အား ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှု များအားလည်းကောင်း၊ ပြေးခုန်ပစ် နည်းပြ ၃ ဦးတို့က အားကစားသမား ၂၀ ဦးတို့အား ပြေးခုန်ပစ် နည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှုများအားလည်းကောင်း၊ ပိုက်ကျော်ခြင်းနည်းပြ ၄ ဦးတို့က အားကစားသမား ၄၀ ဦးတို့အား ပိုက်ကျော်ခြင်းအားကစားနည်း အခြေခံနည်းစနစ်ပိုင်း ဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး အားကစားကဏ္ဍမြင့်မားလာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ လူငယ်လူရွယ် များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေးနှင့် တိုင်းဒေသကြီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေပြီး မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ဘောလုံး၊ ရေကူး၊ ပြေးခုန်ပစ် အားကစားနည်းများနှင့် ကိုယ်လုံပညာရပ် စသည့် (အတိုက်) အားကစားနည်းများအပြင် အခြားအားကစားနည်းများကိုလည်း အခြေခံပညာကျောင်းများ၌ အားကစားနည်းအလိုက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် တိုင်း ဒေသကြီးအစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ စီစဉ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်အားကစားကွင်းနှင့် အလျား ၁၂၀ ပေ အနံ ၉၀ ပေ မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေး၊ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေးနှင့် အားကစားကွင်းပတ်လည် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြက်ဖြတ်ခြင်းများနှင့် သန့်ရှင်းရေးများကို ပုံမှန်ပြုလုပ်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း/ အားကစားရုံများတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစား လေ့ကျင့်ခြင်းများကို လာရောက်ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက် ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။




