![]()
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ မေ ၁၀
အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀)နာရီက ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင် ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင် ၊ စီမံကိန်းနှင့်သုတေသနဌာနခွဲမှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူများ နှင့်နည်းပြများ တက်ရောက်ကြသည်။
ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် ကြက်တောင် အားကစားသမား များပေါ်ထွက်လာစေရေး၊ ကြက်တောင်အားကစားနည်းကိုပြည်သူများ စိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ကြက်တောင်အားကစားသမား များအချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရေးနှင့် ကြက်တောင်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုကျင်းပမည့် ပြိုင်ပွဲအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များသို့ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအား ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများနှင့် မကိုက်ညီသော အားကစားသမားများအား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ များ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား (၁၅) သင်း၊ မ(၁၃)သင်း၊ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား စုစုပေါင်း (၂၃၅)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ် ကာလအတွင်း သတ်မှတ် ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးဦးသိန်းသန်းနိုင် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှု ကိစ္စရပ်များကို လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး က ပြိုင်ပွဲနှင့်ပတ်သက်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ မော်တော်ယာဉ်တောင်းခံမှုနှင့် ကြို/ပို့မှု ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ် ဥက္ကဋ္ဌဦးအောင်ပိုင်က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ၊ ဒိုင်လူကြီးဆောင်ရွက်ပေးမည့်ကိစ္စရပ်များကိုလည်းကောင်း၊ စီမံကိန်းနှင့်သုတေသနဌာနခွဲမှ တာဝန်ရှိသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြိုင်ပွဲဆိုင်ရာ သုတေသနကိစ္စရပ်များကိုလည်းကောင်း၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ ဆေးဘက်ဆိုင်ရာဌာနခွဲ၊ ကွင်း/ ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့်စားရိပ်သာတို့မှ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးအစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


