![]()
FOOTBALL FOR SCHOOL PROGRAM အရကျင်းပပြုလုပ်သည့် ဘောလုံးအခြေခံသင်တန်းနှင့်ဆက်စပ် အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့၊ မေလ ၄ ရက်။
နိုင်ငံတော်သမ္မတပြောကြားခဲ့သည့် မိန့်ခွန်းလမ်းညွှန်ချက်များအရ ရက် (၁၀၀)အတွင်းဆောင်ရွက်ရမည့် Football For School / Smart School Program အတွက် အကောင်အထည်ဖော်နိုင်ရေး စီစဥ်ဆောင်ရွက်သွားနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်များနှင့်အတူ အားကစားရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် FOOTBALL FOR SCHOOL PROGRAM အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နေ့လည်(၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်လွှတ်တော် လွှတ်တော်ဒုတိယဥက္ကဌ ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်နယ်ဥပဒေချုပ် ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ အားကစားဝါသနာရှင်များ ၊ လာရောက်သင်ကြားကြသော ကျောင်းသား/ကျောင်းသူ ၊ လူငယ် လူရွယ်များ၊ သင်ကြားပြသပေးမည့် နည်းပြ ဆရာ/ ဆရာမများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။
ယခုလို သင်တန်းဖွင့်လှစ်ပေးခြင်းသည် ရက် (၁၀၀) စီမံချက်နှင့် စပ်လျဉ်းပြီး အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကို ပညာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၊ နိုင်ငံတော်အနေဖြင့် မူဝါဒကြီး (၄) ရပ် အားချမှတ် ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော “တစ်မျိုးသားလုံးသက်ရှည် ကျန်းမာရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစား ကဏ္ဍ၊ မြင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် ယခုလို သင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း ၊ မြန်မာလူမျိုးများဟာ ပင်ကိုယ်အားဖြင့် အားကစားကို ချစ်မြတ်နိုးပြီး အားကစားစိတ်ဓါတ် ရင့်သန်တဲ့လူမျိုးများဖြစ်တဲ့ အတွက် အားကစားကို လေ့လာလိုက်စားနိုင်စေရန် လူငယ်လူရွယ် များအနေနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူငယ်များ၏ အားကစားစွမ်းရည် မြင့်တင်ရေးအတွက် အရေးပါသော Football For School အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ မြင့်မားတဲ့ ရည်ရွယ်ချက်များစွာနဲ့ ပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း ၊ Football For School Program သည် ကျောင်းသား/ကျောင်းသူများ၏ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးကို တိုးတက်စေရန်သာမက အသင်းလိုက် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခေါင်းဆောင်မှု စွမ်းရည်တို့ကိုလည်း တိုးတက်စေ၍ အရေးပါလှသော အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ ယခုလို (ဘောလုံး ၊ ဝူရှူး ၊ ဘတ်စကက်ဘော၊ ရေကူးနှင့် ပြေးခုန်ပစ်) သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအတွက် မိမိဝါသနာပါသည့်အားကစားကို ကိုယ်တိုင် ရွေးချယ်ပြီး ဆော့ကစားနိုင်ခြင်း၊ မိတ်ဆွေအပေါင်းအသင်းများလာခြင်း၊ စသည့် အကျိုးကျေးဇူးများ စွာကို ရရှိလာနိုင်မှာဘဲ ဖြစ်ပါကြောင်း ၊ နိုင်ငံတစ်နိုင်ငံရဲ့ အားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံ လိုအပ်ချက်ပေါင်း များစွာရှိတဲ့အထဲမှာ လူငယ်အားကစားပွဲတော် တွေနဲ့ လူငယ်အားကစားသင်တန်းတွေကလဲ မရှိမဖြစ်လိုအပ်တာ ဖြစ်လို့ ခုလိုဆောင်ရွက်ချက်တွေအတွက် ကျွန်တော်တို့အနေနဲ့ များစွာ ဝမ်းမြောက်ကြိုဆိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီး သင်တန်းသို့ တက်ရောက်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား လိုက်လံနှုတ်ဆက်ကာ သင်တန်းသား / သင်တန်းသူများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက်သင်တန်းသား / သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာ / ဆရာမများအား လိုက်လံနှုတ်ဆက်ခဲ့ကာ အ.ထ.က(၃)ဘင်ခရာအဖွဲ့နှင့် ဝူရှူးသရုပ်ပြအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂)သိန်းစီအားပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားနည်းအလိုက် အားကစားအထောက်အကူပြုပစ္စည်းများကိုပေးအပ်ခဲ့ပြီး ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် Football For Sachool Program အရပြုလုပ်သည့် ဘောလုံးအခြေခံသင်တန်းများ ပြသနေမှုများအားလည်းကောင်း ၊ ဆက်စပ်အားကစားနည်းဖြစ်သည့် Kick Athletics သင်ကြားပြသနေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိခဲ့ရကာ အဆိုပါ အားကစားသင်တန်းများကို (၄.၅.၂၀၂၆)ရက်နေ့မှ (၂၂.၅.၂၀၂၆)ရက်နေ့ထိ အားကစားနည်း(၅)နည်းနှင့် သင်တန်းသား / သင်တန်းသူစုစုပေါင်း(၁၅၀၀)ဦးဖြင့် သတ်မှတ်နေရာများ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် သင်တန်းသား / သင်တန်းသူများ မည်သူမဆိုအခမဲ့လာရောက်သင်ကြားနိုင်ကာ အဆိုပါ Football For Sachool Program အရ ကျင်းပပြုလုပ်သည့် ဘောလုံးနှင့်ဆက်စပ်အားကစားသင်တန်းများအား ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်အပါအဝင် ကလောမြို့နယ် ၊ လွိုင်လင်မြို့နယ် ၊ နမ့်စန်မြို့နယ် ၊ လင်းခေးမြို့နယ် ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်များ၌လည်းကောင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်၌လည်းကောင်း ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၌လည်းကောင်း ၊ တာချီလိတ်မြို့နယ်၌လည်းကောင်း မြို့နယ်(၁၀)မြို့နယ်များ၌ တစ်ပြိုင်တည်းအသီးသီးဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း သိရှိခဲ့ရပါသည်။
