![]()
၂၀၂၆ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပို့ချ
ရန်ကုန် ၊ မေ ၅
အားကစားရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံ ဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအစီအစဉ်အရ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြင့်သိန်းနှင့် ဦးမင်းလွင်၊ အမှုဆောင်ဦးရဲအောင် တို့နှင့် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းတို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။
Training for Trainers သင်တန်းကို မေလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဉ်နံနက် ၈နာရီ မှ ၁၁ နာရီထိ ၊ နေ့လည် ၂ နာရီ မှ ၄ နာရီအထိ သင်တန်းနည်းပြဆရာ ၅ ဦး တို့က ပို့ချပေးကြမည် ဖြစ်ကြောင်း ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား ၂၄ ဦး နှင့် သင်တန်းသူ ၁၆ ဦး တို့တက်ရောက်ကြကြောင်းနှင့် ၂၀၂၇ခုနှစ်၊ မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးရည်မှန်းပြီး ယခုသင်တန်းကိုဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း သိရှိရသည်။


