![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၊ မေ ၄
အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်လုပွဲများဖြစ်သော အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းတစ်ဦးချင်း ပြိုင်ပွဲနှင့် အသင်းလိုက် ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ရာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ်အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဆုလွင်ထွန်း (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော မင်းအမရာဝတီ (မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော ရွှေရည်ပိုးအိမ့်(ရန်ကုန်တိုင်းဒေသကြီး) တို့အားလည်းကောင်း၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင် က အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်ပထမဆုရရှိသောဇွဲဝေယံလင်း(ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသောသီဟဇော်(ရှမ်းပြည်နယ်)၊ တတိယဆုရရှိသော ဇာနည်အောင်(ရန်ကုန်တိုင်း ဒေသကြီး) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင် က မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းတစ်ဦးချင်း ပြိုင်ပွဲတွင်ပထမဆုရရှိသော မောင်မောင်လတ် (ရန်ကုန်တိုင်း ဒေသကြီး)၊ ဒုတိယ ဆုရရှိသော အုန်းကျော် (ဧရာဝတီတိုင်းဒေသကြီး)၊ တတိယဆုရရှိသော အောင်နိုင် (နေပြည်တော်) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးစိုးဦး က အပြည်ပြည်ဆိုင်ရာစစ်တုရင်လူငယ် အသင်းလိုက်ပြိုင်ပွဲတွင်ပထမဆုရရှိသောမန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊တတိယဆုရရှိသောဧရာဝတီတိုင်းဒေသကြီးအသင်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း က မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်း၊ဒုတိယဆုရရှိသောပြည်ထောင်စုနယ်မြေနေပြည်တော်အသင်း၊ တတိယဆုရရှိသော ဧရာဝတီတိုင်း ဒေသကြီးအသင်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်မြတ်အောင်(တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော လင်းဖုန်းမြတ် (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော ဝေဖြိုး (ရန်ကုန်တိုင်း ဒေသကြီး) တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် က အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆု ရရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူ က အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း၊ မြန်မာ့ရိုးရာ စစ်တုရင်အလွတ်တန်း အသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း နှင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း တို့အား တံခွန်စိုက်ဆုဖလားများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား စုပေါင်း တံခွန်စိုက်ဒိုင်းကိုပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။


