အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ မေ ၄

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့် Smart School & Football For School Program အရ မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန် ၊ ကာယ ၊ ဉာဏစွမ်းအားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့်ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း‌ဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ MFF Futsal Stadium 1 သုဝဏ္ဏ၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ‌ကော်မတီ နာယက ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ အထူးဖိတ်ကြား ထားသော ဧည့်သည်တော်များ ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သင်တန်းသူများ ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့် Smart School & Football For School Program အရ မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန် ၊ ကာယ ၊ ဉာဏစွမ်းအားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်‌ကြောင်း ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် (၄.၅.၂၀၂၆) ရက်နေ့မှစ၍ မြို့နယ်ပေါင်း (၂၀) တို့တွင် ဘောလုံးအားကစားသင်တန်းများကို မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ရာ ယခုလို အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်းသည်အရည်အချင်းမြင့်မားတဲ့ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း ၊ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး လူငယ်/လူရွယ်များ စိတ်ပါ ဝင်စားလာစေရေး ၊ အမျိုးသားအားကစားတွင် အဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရရှိစေဖို့အတွက် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဇွဲ ၊ လုံ့လ ၊ ဝီရိယ ၊ အားမာန်အပြည့်ရှိပြီး ထူးချွန် ထက်မြက်သည့် အားကစားမျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးဟာ အဓိကကျပါကြောင်း ၊ အမျိုးသားအားကစားအဆင့် တိုးတက်မြင့်မားစေရန် နိုင်ငံတော်အနေဖြင့် ” Mass Sports ” ဟုဆိုသော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး ၊ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရန် စည်းရုံး ဆောင်ရွက်ရေးနဲ့ “ Excellent Sports ” ဟုဆိုသော မြန်မာ့အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးရေး ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်ရေးနှင့် အရှေ့တောင် အာရှမှသည် အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေးဟူသော မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ တစ်နည်းအားဖြင့် နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့် ပညာရေးပေါင်းစပ်သည့် အဓိကအစီအမံတစ်ရပ်ကို ဖော်ဆောင်ပေးခြင်းလည်း ဖြစ်ပါ‌ကြောင်း၊ ယခုဘောလုံးသင်တန်းကို တက်ရောက်သင်ကြားသွားကြမယ့် လူငယ် ကျောင်းသား / ကျောင်းသူများအနေဖြင့်လည်း နည်းပြဆရာများက ကျွမ်းကျင်စွာ လေ့ကျင့်ပေးသွားမှာဖြစ်သည့်အတွက် မိမိတို့သင်ကြားသည့် အားကစားနည်းကို ထူးချွန်တဲ့ မျိုးဆက်သစ်များ ဖြစ်လာအောင်နဲ့ နိုင်ငံတော်အတွက် အားကိုး အားထားပြုနိုင်မည့် ကျန်းမာကြံ့ခိုင်သော လူတော် လူကောင်းများ ဖြစ်လာအောင် ကြိုးစားကြဖို့ မှာကြားလိုပါကြောင်း ၊ ယခုလို ဘောလုံးအားကစားသင်တန်း ဖွင့်လှစ်ခြင်းဟာ နိုင်ငံတော်နဲ့ မြန်မာ့ အားကစားအတွက် အကျိုးထူးများ ရရှိစေနိုင်သည့် ရည်ရွယ်ချက်ကောင်းများဖြစ်သည့်အတွက် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့ရဲ့ ရင်သွေးငယ်များကို ပညာရေးတွင် တော်ပြီး အားကစားတွင် ထူးချွန်သော လူချွန် လူကောင်းများ ဖြစ်လာစေရန် အားကစားသင်တန်းများ၌ အောင်မြင်စွာ တက်ရောက်သင်ကြား နိုင်ရေးကို အားပေးကြဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား လိုက်လံနှုတ်ဆက် ပြီးအားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့‌ကြောင်းသိရှိရသည်။