အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ၊ မေ ၂

အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝင်းအတွင်းရှိ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြ၍ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်‌နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် အကြိမ် (၂၀)မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် ရန်အတွက် လေ့ကျင့်နေကြသော မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်း အမျိုးအစား ၂၂ မျိုးတို့မှ ကိုယ်ဟန်အနေအထား၊ သရုပ်ပြသမှု အနေအထားနှင့် ဝိတ်အလေးချိန် တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အကြိမ်(၂၀)မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်မှုလိုအပ်ချက်များ၊ ဝိတ်တန်းချိန်ညှိခြင်း ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နေထိုင်စားသောက်မှု ဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှုနည်းစနစ်တို့ကိုနည်းပြများနှင့် အားကစားသမားများအားမှာကြားခဲ့ပြီး နိုင်ငံတော်သမ္မတကြီး၏ လက်ထက်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ်လက်ခံကျင်းပပြုလုပ်သည့် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးဖြစ်သည့်အတွက် ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲ၌ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူ ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ယခင်ကထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ဖြစ်အောင်ကြိုးစားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌတို့မှ အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများအား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်‌ရေးကိစ္စရပ်များ ၊ စည်းကမ်းပိုင်း ဆိုင်ရာကိစ္စရပ်များ၊ ဆုတံဆိပ်ဆွတ်ခူးရရှိနိုင်ရေးကိစ္စရပ်များ၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ လိုအပ်ချက်များအားမှာကြားပြီးနောက် ဒုတိယဝန်ကြီးမှ အားကစားသမာများ၏လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆု အများဆုံး ဆွတ်ခူးလျှက် တံခွန်စိုက်ဆုဖလားရရှိအောင် ကြိုးစားသွားကြရန်မှာကြားခဲ့ကြောင်းသိရသည်။