![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့်တွေ့ဆုံ
နေပြည်တော်၊ ဧပြီ ၂၆
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ခြင်းနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် Smart School နှင့် Football For School Program ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းသို့ သွားရောက်၍ ၉.၅၆၄ ဧကရှိ အားကစားကွင်း တည်နေရာပြမြေပုံပါအတိုင်း ၂၂၅၆ ပေ ခြံစည်းရိုး အုတ်တံတိုင်း ကာရံထားမှုအခြေအနေ၊ ၇.၈၁၆ ဧကရှိ ဘောလုံးကွင်းဧရိယာ Inner Fencing ကာရံထားရှိမှု၊ ဘောလုံးကွင်း မြက်ခင်းပြင်၊ ဂိုးတိုင်ဂိုးပိုက်များ တပ်ဆင်ထားရှိမှုအခြေအနေ၊ မီတာ ၄၀၀ မြေသားပြေးလမ်းခင်းကျင်းထားမှုအခြေအနေ၊ ၁၄၀ x ၂၄ ပေရှိ ပရိသတ်အင်အား ၅၀၀ ဝင်ဆံ့သည့် အထူးတန်း ပွဲကြည့်စင်၊ ပရိသတ်အင်အား ၁၀၀၀ စီ ဝင်ဆံ့သည့် ၂၀၀ x ၂၃ ပေရှိ အရှေ့ဘက် ပွဲကြည့်စင်နှင့် ၂၃၂ x ၂၃ ပေရှိ မြောက်ဘက်ပွဲကြည့်စင် တည်ဆောက်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း၊ ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် ဂါလံ ၂၄၀၀ ဆံ့ရေစင်တည်ဆောက်ထားရှိမှုနှင့် ၁.၇၄၈ ဧကရှိ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ထားရှိမှုအခြေအနေအားလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ အားကစားရုံ ရေရှည်တည်တံ့စေရေး၊ အားကစားကွင်းပတ်လည် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ခြံစည်းရိုးအုတ်တံတိုင်းများ၊ ဂိုးတိုင်ဂိုးပိုက်များ၊ Inner Fencing များနှင့် ရေနှုတ်မြောင်း အဖုံးများကို ထုံးဖြူနှင့် ဆေးများသုတ်လိမ်းသွားရန်လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနှုတ်မြောင်းများကို သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း/ အားကစားရုံများတွင် အများပြည်သူ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများကို လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ခရိုင်နှင့် မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်တွင်ပါရှိသည့် ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်းပြီး အခြေခံပညာ ကဏ္ဍတွင် Smart School နှင့် Football For School Program ကိုလည်း ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက် လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည့်အတွက် ရက် ၁၀၀ စီမံချက်အဖြစ် Football For Schoolနှင့် Smart School အစီအစဉ်များကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ၅ ခုတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်၍ တောင်ငူခရိုင်မှ မျိုးဆက်သစ်အားကစားများစွာ ထွက်ပေါ်လျက်ရှိပြီး ခရိုင်/မြို့နယ်တို့မှအားသာသည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ပြေးခုန်ပစ်၊ ဘက်စကတ်ဘော၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားသင်တန်းများကို အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ် သင်ကြားပို့ချပေးခြင်းနှင့် အားကစားပြိုင်ပွဲများကို ခရိုင်/မြို့နယ်အားကစား ဆပ်ကော်မတီ၊ ပညာရေးမှူး များ၊ ရပ်မိရပ်ဖများ၊ အားကစားဝါသနာရှင်များ၊ ပညာရှင်များ၊ စေတနာရှင် အလှူရှင်များနှင့် ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီးအားကစား အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မြန်မာ့အားကစားအောင်မြင်မှု ရရှိစေရေးတို့ အတွက် အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ညီညီညွတ်ညွတ်ဖြင့် အတူတကွ ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက် ပေးသွားရန် ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများက ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း/အားကစားရုံ သန့်ရှင်းသာယာလှပစေရေး၊ ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြည်စေရေးနှင့် အားကစားကွင်းအင်္ဂါရပ်နှင့်လျော်ညီအောင် ကွင်းပတ်လည်ခြံစည်းရိုးအုတ်တံတိုင်းများကို ထုံး၊ ဆေးသုတ် ခြင်းများနှင့် သန့်ရှင်းရေးများပုံမှန်ပြုလုပ်၍ ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ မွန်လွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြား ခန်းမ၌ မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ အားကစားမြှင့်တင်ရေးနှင့် ဘောလုံးအားကစား အဆင့်အတန်း ပိုမိုတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ရက် ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက မိမိတို့အဖွဲ့ချုပ်အနေဖြင့် ရက် ၁၀၀ အတွင်းဆောင်ရွက်မည့် Smart School နှင့် Football For School Program လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ် နိုင်ရေး၊ နည်းပြမွမ်းမံသင်တန်းများဖွင့်လှစ်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားအသစ်များ ရွေးချယ် နိုင်ရေး၊ ပြိုင်ပွဲများကျင်းပနိုင်ရေး၊ ဘောလုံးများထောက်ပံ့ပေးနိုင်ရေး၊ PE ဆရာ/ ဆရာမများနှင့် ဆက်သွယ်၍ တာဝန်ပေးဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ထပ်မံဖြည့်စွက် ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များအတိုင်း မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် အခြေခံမှစတင်၍ အတူတကွ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။




