အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများ မန္တလေးငလျင်အပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၂

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း/အားကစားရုံများ မန္တလေးငလျင်အပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ ဧည့်ခန်းမ၌ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ Synthetic ပြေးလမ်း၊ Indoor Stadium (A , B , C) ရုံ၊ ရေကူးကန်၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက်နှင့် စနူကာအားကစားရုံ၊ မြားပစ်အားကစားကွင်းနှင့် ဘိုးလင်းအားကစားခန်းမတို့အား မန္တလေးငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် Max Myanmar ကုမ္ပဏီလီမိတက်နှင့် သန်လျင်ဧရာကုမ္ပဏီလီမိတက်တို့မှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြင်ဆင်ပြီးစီးမှုအခြေအနေများကို Max Myanmar ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူနှင့် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းတို့က Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း VIP မှန်ဧည့်ခန်းမ မျက်နှာကျက်နှင့် အခန်းပတ်လည်မျက်နှာစာမှန်များတပ်ဆင်ပြီးစီးမှု၊ Synthetic ပြေးလမ်းခင်းကျင်းပြီးစီးမှု၊ ဘောလုံးကွင်းမြက်ခင်းပြင်နှင့် ရေဖြန်းစနစ်တပ်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြက်ခင်းပြင် စိမ်းလန်းစိုပြေစေရေးနှင့် ပြေးလမ်းများရေရှည်တည်တံ့စေရေးအတွက် ပုံမှန်ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၊ (B)နှင့် (C)တို့အား လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ ပြိုင်ပွဲကန်၊ ဒိုင်ဗင်ကန်နှင့် လေ့ကျင့်ရေးရေကူးကန် တို့အားလည်းကောင်း၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံနှင့် ဘိလိယက်နှင့်စနူကာအားကစားရုံ တို့အားလည်းကောင်း၊ မြားပစ်အားကစားကွင်းနှင့် ဘိုးလင်းအားကစားခန်းမတို့အားလည်းကောင်း မန္တလေးငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ ရေရှည်တည်တံ့စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများက စေတနာထား၍ စိစစ် ကြပ်မတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစားကွင်း/ အားကစားရုံများသည် နိုင်ငံ၏ အားကစားအဆင့်အတန်းကိုဖော်ပြနေသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အတိုင်း အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေးအတွက် ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာ ကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင် နိုင်အောင် ဝိုင်းဝန်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားကို စိတ်ပါဝင်စားသူများပြားလာစေပြီး Mass Sports မှ Excellent Sports အထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားလာအောင် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ပြီး ပြည်သူ များ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လာရောက်လေ့ကျင့်ကစားနိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။