![]()
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအား တွေ့ဆုံခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဧပြီ ၂၁
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအားတွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါးနှင့် စစ်တွေ)တို့မှ ကျောင်းအုပ်ကြီးများက In person စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်)တို့မှ ကျောင်းအုပ်ကြီးများက Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေး၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ၁/၂၀၂၆ တို့တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားရာတွင် နိုင်ငံ၏ အနာဂတ်အတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစပြီး မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်ပြီး လူ့စွမ်းအား အရင်းအမြစ် များဖြစ်သည့် အသိပညာ၊ အတတ်ပညာရှင်များ အများကြီးလိုအပ်ပါကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးနှင့်တန်းတူ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများဖြစ်လာစေရန် ပဓာနကျပါ ကြောင်း၊ အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင် မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက် လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန် လိုကြောင်း၊ အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း ပြန်လည်ဦးမော့လာစေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော် အတွက် အောင်မြင်မှုဆုတံဆိပ်များရယူပေးခြင်းဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ယခင် ကတည်းက အားကစားအဖွဲ့ချုပ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်၍ အားကစားနှင့် မစိမ်းသူ ဖြစ်သည့်အတွက် အားကစားအဆင့်အတန်းမြင့်မားစေရန်နှင့် အားကစားဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်ရန် အဓိကအခြေခံကျသည့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်း၍ မျိုးဆက်သစ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရန် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအစီအမံများကို စီမံချက်ရေးဆွဲ၍ ပြန်လည်တင်ပြ ပေးသွားရန် လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားခဲ့သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် တာဝန်ယူ ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီး တင်ပြခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက ရက်ပေါင်း ၁၀၀ စီမံချက်အဖြစ် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရန် လုပ်ငန်းအစီအမံ၊ လက်ရှိဆောင်ရွက်နေသည့် အစီအစဉ်၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို အသေးစိတ် စနစ်တကျ ရေးဆွဲပြီး ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ပေးသွားရန် နိဂုံးချုပ်ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





