အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ လက်ထောက် အတွင်းဝန်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် မီးသတ်ဦးစီး ဌာန ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦများနှင့် အိမ်ရာများကို သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ ပေါ့ဆမီးများကြောင့်လည်းကောင်း ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ပျက်စီးမှုများမှ အမြန်ဆုံးတားဆီးကာကွယ်ပေးနိုင်စေရန် အတွက် ရည်ရွယ်၍ ယခုဟောပြောပွဲနှင့် သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သည့် မြန် ၃ မြန် (မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်သတ်)ဆိုသည့်အတိုင်း ဆောင်ပုဒ်ကို လိုက်နာကျင့်သုံးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများတွင်လည်း တက်ညီလက်ညီ ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် သိသင့် သိထိုက်သည့် အကြောင်းအရာများ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များနှင့် လုပ်ငန်းစဉ်များ၊ အမြန်ဆုံးတားဆီးကာကွယ်နိုင်စေရေးအတွက် အသုံးပြုလျက်ရှိသည့် နည်းလမ်းများ၊ Systemများ၊ စောင့်ကြည့်ကင်မရာများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ မီးသတ်ဆေးဘူး များ ကောင်း/မကောင်း စစ်ဆေးနည်းနှင့် အသုံးပြုနည်းများအကြောင်း သိကောင်းစရာများကို ဝန်ထမ်းများ ဗဟုသုတရရှိစေရန် ရှင်းလင်းပြောကြားခဲ့‌သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က အသိပညာ‌ပေးဟောပြောခြင်းနှင့် သရုပ်ပြ လက်တွေ့သင်ကြားပေးခဲ့သည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကို အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်း များအား လက်တွေ့သရုပ်ပြသခြင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြိမ်းသတ်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။