![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ် ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေပြည်တော်(ရုံးချုပ်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများ၏ အားကစားကဏ္ဍနှင့်လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်စေရေး၊ မြန်မာ့အားကစားပြန်လည်ဦးမော့လာစေပြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်စေရေးနှင့် အဆင့်မီအရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/ အားကစားရုံနှင့် ရေကူးကန်များကို အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးစေရေးတို့အတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် အားကစားကဏ္ဍကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အဓိကထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကလည်း နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပြိုင်ပွဲမသွားမီ ကာလ၊ ပြိုင်ပွဲကာလနှင့် ပြိုင်ပွဲပြီးကာလများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှ ထောက်ပံ့ချီးမြှင့်ပေးခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ရွှေတံဆိပ်ဆုများများရရှိနိုင်ပြီး အိုလံပစ်အားကစားနည်းများဖြစ်သည့် ရေကူး၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများအတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး နွေရာသီ ကျောင်းပိတ်ကာလတွင် အခြေခံသင်တန်းများဖွင့်လှစ်၍ အားထည့်ဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်ဖြစ်သည့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဝါဒနှင့်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ဘတ်ဂျက် လျာထားမှုများနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများနှင့် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြပေးသွားရန်လိုကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့် ရုံးချုပ်(နေပြည်တော်)မှ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်အတွင်း ရုံးလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ Grade -12 စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း မြင့်မားစေရေးဆောင်ရွက်ခဲ့မှု၊ အားကစားကဏ္ဍအဖြစ် အားကစားသမားများရွေးချယ်၍ ပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်ခဲ့မှု၊ အားကစားပြိုင်ပွဲများကျင်းပပေးနိုင်ခဲ့မှု၊ နွေရာသီအားကစားသင်တန်းများ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းသို့ အားကစားသမားပေးပို့နိုင်ခဲ့မှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့ပေးခဲ့မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဘတ်ဂျက် လျာထားမှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဌာနခွဲများအလိုက် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က သက်ဆိုင်ရာဌာနခွဲများမှ လုပ်ငန်း ဆောင်ရွက်နေမှုကဏ္ဍများအလိုက် အသီးသီး လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယ ဝန်ကြီးများက အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ဌာနခွဲများ အလိုက် ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောြကားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အားကစားကွင်း/အားကစားရုံများကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ဘတ်ဂျက် လျာထားမှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေပြီး အဆင့်မီအရည်အသွေး ကောင်းမွန်စေရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း/စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားရန် လိုကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် Mass Sports မှ Excellent Sports အဆင့်ထိ တက်လှမ်းနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခြင်းနှင့် ပြည်သူလူထုအား စုပေါင်းပါဝင်နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်းများ၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ပြိုင်ပွဲများနှင့် အားကစားနှင့်ကာယပညာသိပ္ပံများပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးနှင့် ဆုတံဆိပ်များရရှိစေရေးအတွက် စခန်းသွင်းလေ့ကျင့်ခြင်းများဆောင်ရွက်ပေးခြင်း၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ မျိုးဆက်သစ်အားကစားသမား ရှာဖွေ ဖော်ထုတ်၍ ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်းများ၊ အဆင့်မီ အားကစားကွင်း/အားကစားရုံနှင့် ရေကူးကန်များ တည်ဆောက်ပေးနိုင်ရေးအတွက် ဘတ်ဂျက်လျာထားမှုများကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြောင်းရွှေ့ကိစ္စရပ်များတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ဘုတ်အဖွဲ့များဖြင့် စနစ်တကျဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဝန်ထမ်းများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် ဆက်လက်သတင်းပို့ တင်ပြပေးသွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




