အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ၊ မတ် ၉

မြန်မာနိုင်ငံနပန်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ‌စေရေးကို အထောက်အကူပြုဆောင်ရွက်နိုင်မည့် နည်းပြ/ဒိုင်လူကြီးကောင်းများ တိုးပွားလာစေရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နပန်းနည်းစနစ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အလျင်အမြန် သိရှိနားလည်စေပြီး နိုင်ငံတကာအဆင့် နည်းပြ/ဒိုင်လူကြီးများ ပေါ်ပေါက်လာပြီး နပန်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ နည်းပြ Mr.Mahabir Parsad ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ သင်တန်းသား/သင်တန်းသူများက မိတ်ဆက်ဂါရဝပြုကာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် နပန်း၊ ဂျူဒိုကစားဖူးသူများ၊ မြန်မာ့လက်ရွေးစင် နပန်းကစားသမားများ ၊ အသက်(၂၀)နှစ်မှ (၄၅)နှစ်အကြားရှိသူများ ၊ အခြေခံပညာအထက်တန်းအဆင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသား/သင်တန်းသူများ ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၀)ဦးအား မတ်လ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ စာတွေ့၊ လက်တွေ့နှင့် အရည်အချင်းစစ် စာမေးပွဲများ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီး အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရသည်။