![]()
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မတ် ၇
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအဖွဲ့များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် နောက်ပိုင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ယခင် ကာလများနှင့်မတူဘဲ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ အားကစားသမားများ၏ ဘဝနောင်ရေးအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများကို ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်ပေးခြင်းများအပြင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ လက်ရွေးစင်အားကစားသမားဟောင်းကြီးများဖြစ်ကြသည့် အသက် ၆ဝ ကျော် အားကစားသမားများကို ကမ္ဘာ့အဆင့်၊ အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် စသည့်ဖြင့် ပြိုင်ပွဲအဆင့်နှင့်အညီ ဆုတံဆိပ် တစ်ခုလျှင် ၃ သိန်း၊ ၂ သိန်း၊ ၁ သိန်းနှုန်းများဖြင့် သက်ရှိထင်ရှား ကာလတစ်လျှောက်လုံး လစဉ်ထောက်ပံ့ကြေးများကို ချီးမြှင့်ထောက်ပံ့ပေးလျက် ရှိကြောင်း၊ စေတနာရှင် လုပ်ငန်းရှင်များက မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များကို တစ်ဖက်တစ်လမ်းမှ ချီးမြှင့်ထောက်ပံ့ပေးခဲ့ခြင်းသည် နောင်မျိုးဆက်သစ်အားကစားသမားများအတွက် အတုယူအားကျလေးစား ကြည်နူးဖွယ်ရာဖြစ်၍ အားကစားသမားများ ကာယခွန်အားများသာမက စိတ်ခွန်အားကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေသူများ၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မြန်မာ့အားကစားကို ချစ်မြတ်နိုးစိတ်များဖြင့် အဖက်ဖက်မှ ထောက်ပံ့လှူဒါန်း ပေးခဲ့ကြသည့် လုပ်ငန်းရှင်များ၊ စေတနာရှင် အလှူရှင်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အလှူရှင် များအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာ့အားကစား လောကပြန်လည်ဦးမော့လာစေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံဖြင့် ဆက်လက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစီအစဉ်အရ မြန်မာအားကစားအဖွဲ့များအတွက် ထိုင်းဘတ်ငွေ ၃၅.၅ သိန်း ပံ့ပိုးလှူဒါန်းပေးခဲ့သည့် ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်း၊ ထိုင်းဘတ်ငွေ ၁ သိန်း ပံ့ပိုးလှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်း၊ မြန်မာကျပ်ငွေ သိန်း ၁၀၀၀ စီ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သန်လျင်ဧရာ ကုမ္ပဏီလီမိတက်တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ မြန်မာကျပ်ငွေ သိန်း ၅၀၀ စီ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် Myanmar Oasis Manufacting Co.,Ltd, Shining Myanmar Co.,Ltd, မြန်မာကျပ်ငွေ သိန်း ၄၀၀ ပံ့ပိုး လှူဒါန်းပေးခဲ့သည့် Reva Co.,Ltd နှင့် မြန်မာကျပ်ငွေ သိန်း ၃၀၀ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်း ကလည်းကောင်း၊ မြန်မာကျပ်ငွေ သိန်း ၃၀၀ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် မြတ်ရွှေဉာဏ်ကုမ္ပဏီလီမိတက်၊ မြန်မာကျပ်ငွေ သိန်း ၁၅၀ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် Mizzima Star Co.,Ltd ၊ မြန်မာကျပ်ငွေ သိန်း ၁၀၀ စီ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ မြန်မာ ကျပ်ငွေ သိန်း ၁၀၀ စီနှင့် သိန်း ၅၀ တို့ကို ပံ့ပိုးလှူဒါန်းပေးခဲ့သည့် Design Mandalay Co.,Ltd, Gread Zawgi Co.,Ltd နှင့် ရွှေဧရာမင်းကုမ္ပဏီလီမိတက်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း၊ မြန်မာကျပ်ငွေ သိန်း ၅၀ စီနှင့် ကျပ် ၁၅ သိန်း တို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည့် ပြည်သစ်စံကုမ္ပဏီလီမိတက်၊ လင်းမြတ်နိုင်ကုမ္ပဏီလီမိတက်နှင့် Aung Gyi Mg Co.,Ltd တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ကလည်းကောင်း၊ မြန်မာကျပ်ငွေ ၁၀ သိန်းနှင့် ကျပ် ၅ သိန်းတို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည့် Royal Ayar Co.,Ltd နှင့် QC(Zay Min) Co.,Ltd တို့ကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကလည်းကောင်း အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားအဖွဲ့များအတွက် စေတနာရှင် အလှူရှင်များက စုစုပေါင်း ထိုင်းဘတ်ငွေ ၃၆.၅ သိန်းနှင့် မြန်မာငွေကျပ် သိန်း ၄၇၃၀ တို့ကို ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။




