![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ
နေပြည်တော်၊ မတ် ၆
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အုပ်ချုပ်မှုရုံးအဖွဲ့၊ အားကစားနည်းအလိုက် အုပ်ချုပ်/ နည်းပြ၊ အားကစားသမားအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Gold Camp ရှိ Multi Purpose Hall (ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့သည်။
ဦးစွာ အုပ်ချုပ်/နည်းပြများနှင့် လူငယ်အားကစားသမားများက အားကစားနည်းအလိုက် တစ်ဦးချင်း မိတ်ဆက်ဂါဝရပြုခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်အားကစားသမားများအနေဖြင့် လေ့ကျင့်မှုကိစ္စရပ်များ၊ စားသောက်နေထိုင်မှုကိစ္စရပ်များနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် အခက်အခဲများရှိပါက မိသားစုသဖွယ် ပွင့်ပွင့်လင်းလင်း တင်ပြကြရန်နှင့် ဖြေရှင်းကူညီပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးသွားမည်ဖြစ်ပြီး ချက်ချင်းဖြေရှင်း၍မရသည် များကို ဌာနအကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်အားကစားသမားများက လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်း လိုအပ်မှု အခြေအနေများ၊ နေထိုင်စားသောက်မှု၊ လေ့ကျင့်မှုကိစ္စရပ်များနှင့်ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ အခက်အခဲများကို အသီးသီး တင်ပြခဲ့ကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လူငယ်အားကစားသမားများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်းသည် မြန်မာ့လက်ရွေးစင်အားကစားသမားများကို အထောက်အကူပြုနိုင်ပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးသည့်နေရာဖြစ်ကြောင်း၊ ဖိတ်ခေါ်ပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ထောက်ပံ့ပေးခြင်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်၊ လေ့ကျင့်မှုများနှင့် အခက်အခဲများ၊ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းကောင်းများရရှိပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။




