အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပီတန်းနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပီတန်းအားကစားနည်းသည် ပြင်သစ်နိုင်ငံ၏ ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပခဲ့ချိန်တွင် စတင်ရောက်ရှိလာခဲ့ပြီး အချိန်အားဖြင့် (၁၄)နှစ် သက်တမ်းသာရှိသည့်အတွက် အရှေ့တောင်အာရှနိုင်ငံ များတွင် ပီတန်းအားကစားနည်းထွန်းကားမှု အနုနယ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံထက် နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ ဒေသတွင်း မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရုံသာမက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ပြည်ပပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခြင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းများကို ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပြီး အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိ ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၅)ခု၊ အာရှအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁)ခု၊ ကြေး တံဆိပ်(၁)ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး အာဆီယံ‌ဒေသအတွင်းသာမက ကမ္ဘာ့အဆင့်အထိ ရင်ပေါင်တန်း နိုင်သည့်အခြေအနေကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်လာသည့် နည်းပြများ အနေဖြင့် မိမိတို့ဌာနများကိုပြန်လည်ရောက်ရှိသည့်အခါ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာ များကို ပြန်လည်အသုံးချပြီး မျိုးဆက်သစ်အားကစားသမားများ ရရှိစေရေး၊ ပီတန်းအားကစားနည်း ပိုမိုတိုးတက်ပြန့်ပွားစေရေးအတွက် အားထည့်၍ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားရန်နှင့် နိုင်ငံတော် အတွက် အားကိုးအားထားရသည့် အားကစားသမားများ ပေါ်ထွက်လာအောင် ယခု သင်တန်းမှ နည်းပြ များနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်မှ နည်းပြတာဝန်ရှိသူတို့က ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြကောင်းများဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ ဘက်စုံသုံးခန်းမ၌ သင်တန်းနည်းပြ ၃ ဦး တို့က သင်တန်းသား ၁၉ ဦးသင်တန်းသူ ၅ ဦး စုစုပေါင်း ၂၄ ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူငယ်သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူ များနှင့်အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်ရေးအတွက် စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် လူငယ် သင်တန်းကျောင်း (၁၀) ကျောင်းနှင့် ကလေးပြုစုရေးဌာန (၃) ကျောင်း၊ စုစုပေါင်း (၁၃) ကျောင်းမှ သင်တန်းသား/သင်တန်းသူများအား အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား‌ လေ့ကျင့်ပေးရန်အတွက် ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ကရာတေး၊ ဘော်လီဘော၊ အမျိုးသမီးအားကစား( အေရိုးဗစ်၊ Fitness Dance)၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ သိုင်း၊ ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ဂျူဒိုနှင့် အလေးမ အားကစားနည်း (၁၅)နည်းတို့မှ သင်တန်းနည်းပြများ စေလွှတ်သွားမည်ဖြစ်၍ သင်တန်းဖွင့်လှစ်သင်ကြား ပို့ချပေးမည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် ဇွန်လ(၁)ရက်နေ့တွင် သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ လူငယ်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့ကျင့်သင်ကြားပေးရမည့် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ အားကစား အဖွဲ့ချုပ်များအနေဖြင့် စေတနာထားပြီး ကြိုးစားသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များ ဖြစ်လာစေရေးနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားများရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် သင်တန်းကျောင်းများမှ ဆရာ/ဆရာမများက အားကစားသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် အားကစားအထာက်အကူပြု ပစ္စည်းများရရှိနိုင်ရေး၊ နည်းပြ များ၏ သွားလာနေထိုင်စားသောက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ အသီးသီးအပြန်အလှန် ဆွေးနွေးညှိနှိုင်း တင်ပြခဲ့ကြ ပြီးနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း လုပ်ငန်းအစပြု နိုင်ရန်အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များ အားကစားကို စိတ်ပါဝင်စား လာစေရန်အတွက် ပထမအဆင့်အနေဖြင့် အခြေခံအဆင့်အားကစားနည်းများကိုသာ သင်ကြား‌လေ့ကျင့် ပေး‌သွားစေလိုကြောင်း၊ အဖွဲ့ချုပ်များနှင့် သင်တန်းနည်းပြများအနေဖြင့် လုံ့လ၊ ဝီရိယနှင့် စေတနာထား၍ စနစ်တကျဖြင့် ထိရောက်မှုရှိအောင် သင်ကြား‌လေ့ကျင့်ပေးစေလိုကြောင်း၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အောင်မြင်အောင် မည်သို့လုပ်ရမည် ဆိုသည်ကိုသိရမည်၊ အဆင့်ဆင့် လုပ်ရမည့် နည်းလမ်းကိုသိရှိပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။