![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ် ရာမညအားကစားကွင်း၊ ကျောင်းသားအားကစားကွင်း၊ ပြည်နယ်အားကစားခန်းမနှင့် ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်လွဲပိုင်းတွင် မွန်ပြည်နယ် ရာမည အားကစားကွင်းသို့သွားရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်အစည်းအဝေးခန်းမ၌ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ခရီးစဉ်တင်ပြချက်နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က Power Point ဖြင့် ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ရာမညအားကစားကွင်း အတွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေသုံးစွဲမှု လုံလောက်စွာရရှိစေရေး၊ ဘောလုံးကွင်း မြက်ခင်း စိမ်းလန်းစိုပြည် စေရေး၊ ရေဖျန်းစနစ် ကောင်းမွန်စေရေးတို့အတွက် ရေပိုက်လိုင်းများ ပြန်လည်စစ်ဆေး ဆောင်ရွက် သွားရန်နှင့် ဂိုးတိုင်၊ ဂိုးပိုက်များအား ထုံး၊ ကော်ရည်နှင့် ဆေးဖြူများ သုတ်လိမ်းသွားရန် လိုကြောင်း၊ ပွဲကြည့်စင် ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဆိုပါက မလွတ်ကင်းသော အဆောက်အဦများ ဖယ်ရှားရမည် ဖြစ်၍ ဝန်ထမ်းအိမ်ရာများ ပါဝင်မည်ဖြစ်သည့်အတွက် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ပြီးမှသာ တည်ဆောက်ရေးကိစ္စများအား စနစ်တကျ စီမံ ဆောင်ရွက် သွားရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့် မြေနေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဒိုင်ဗင်ကန်ပါ ရေကန်နှင့် ရေကူးကန်အား တစ်ဆက်တည်း တည်ဆောက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် ကျောင်းသားအားကစား ကွင်းသို့ သွားရောက်၍ လူငယ်စင်တာဖွင့်လှစ်မည့် အဆောက်အဦအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း မြက်ခင်းစိမ်းလန်းစိုပြည်စေရေးအတွက် ရေနုတ်မြောင်းများကို ပြန်လည်စစ်ဆေး၍ ရေရှည်အသုံးပြုနိုင်ပြီး (၁၀)မြို့နယ် ဘောလုံးပြိုင်ပွဲနှင့် အခြားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကို ကျင်းပ ပြုလုပ်သွားနိုင်ရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်ရာမညအားကစား ကွင်းတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကိုသာ ကျင်းပပြုလုပ်သွားရန်နှင့် ခရိုင်အဆင့်မီ အားကစား ကွင်းအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် Synthetic ပြေးလမ်းခင်းနိုင်ရေး တွက်ချက်ပြင်ဆင်ပြီး အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။




