![]()
ကရင်ပြည်နယ် ဘားအံမြို့၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ဘားအံ၊ ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီမှ ဦးစီးကျင်းပသည့် လူငယ် ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ထပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁၄၀၀ နာရီ ချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်အလံကို စုပေါင်း အလေးပြုကြပြီးနောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသူ ကျောင်းသားများက လူငယ့်အားမာန် တိုင်းပြည်အဖိုးတန် သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မှာ ပါဝင် တက်ရောက်ခဲ့ကြတဲ့ လူငယ် ကိုယ်စားလှယ်တွေရဲ့ အသံတွေ၊ ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးပြီး သင်ခန်းစာ ဖော်ထုတ်ချက်တွေကို တွေ့မြင်ခဲ့ရတာဟာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက် ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ယနေ့ခေတ်လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အနာဂတ်ကိုစောင့်မနေပဲ လက်ရှိပစ္စုပ္ပန်မှာ လက်တွေ့ပါဝင် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိမြင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အကြီးကဲက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းမှာ လူငယ်များကို နေရာပေးရန် အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားသွားတာကို တွေ့မြင်ရမှာဖြစ်ပါကြောင်း။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွန်မှာကြားချက်တွေအပေါ် လေးစား လိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်သလို လူငယ်များ၏ တတ်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ်ပညာနှင့် လူကြီးများ၏ အတွေ့အကြုံများ ပေါင်းစပ်၍ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန် လိုအပ်မှာ ဖြစ်ကောင်း၊ အလားတူ တာဝန်ရှိသူများအနေဖြင့် လူငယ်များကို မြေတောင် မြှောက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားလိုပါကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ရရှိထားသည့် အကြံပြုချက်များကို မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ တက္ကသိုလ် ကျောင်းသား/သူများကိုလည်း တက္ကသိုလ်များတွင် ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲများကျင်းပပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကာ တက္ကသိုလ် ကျောင်းသား/သူများ၏ အသံ၊ ငြိမ်းချမ်းရေးအပေါ် အမြင်များနှင့် အကြံပြုချက် များကို ဆက်လက်ရယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။ ကျောင်းသူ/ကျောင်းသားများ အနေဖြင့်လည်း လူငယ်ကိုယ်စားလှယ်များရဲ့ ကဏ္ဍအလိုက် အတွေ့အကြုံထပ်ဆင့်ရှင်းလင်း ဆွေးနွေးမှုတွေကို သေချာစွာလေ့လာမှတ်သားပြီး အားသာချက် အားနည်းချက် တွေကို ဖော်ထုတ်ထားရှိဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်များဟာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက လူငယ်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံရင်းနှီးခွင့် ရရှိခဲ့သည့်အတွက် လူငယ်အချင်းချင်း ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လူငယ်ကွန်ရက်ကို ဖော်ဆောင်ပြီး အသိပညာပေးဝေမှုများကို ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အမှာ စကားပြောကြားပြီးနောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ မှတ်တမ်း ဗီဒီယိုကို ဖွင့်လှစ် ပြသပါသည်။
ဆက်လက်ပြီး လူငယ် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက် ခဲ့သည့် အုပ်ချုပ်သူလူငယ် ကိုယ်စားလှယ်တစ်ဦးက ဖိုရမ်အတွေ့အကြုံအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူငယ်ကိုယ်စား လှယ်များကလက်နက်ကိုင် ပဋိပက္ခများလျှော့ချရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ခေါင်းစဉ်၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ခြင်း၊ လူမျိုးပေါင်းစုံ အတူ ယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အားကစား၊လူငယ် ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုင်ရာအသိပညာများ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း နှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုများမှ တစ်ဆင့် ဟန်ချက်ညီ၍ ငြိမ်းချမ်းသော နိုင်ငံတော်ကို တည်ဆောက်ခြင်း ခေါင်းစဉ်၊ သတင်းအချက်အလက် နည်းပညာ (IT)၊ ဉာဏ်ရည်တု နည်းပညာ (Al)၊ ဆိုက်ဘာ(Cyber)၊ အွန်လိုင်းလုံခြုံရေး (Online Security)၊ လူမှုကွန်ရက်မီဒီယာ (Social Media)၊ ထိရောက်သော သတင်းမှန်ပြန်ကြားရေး ခေါင်းစဉ် များကို လူငယ်ငြိမ်းချမ်းရေးဖိုရမ် သို့တက်ရောက်ခဲ့သည့် လူငယ် ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။ ဆက်လက်၍ လူငယ်ကိုယ်စားလှယ်(၁၂) ဦးက ဦးဆောင်၍ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် – ၂၀၂၆ လူငယ်ကြေညာ စာတမ်းအား သံပြိုင်ရွတ်ဆိုကြသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသူ ကျောင်းသားများက သွေးချင်းတို့ရဲ့ ထာဝရသစ္စာ သီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေကြပြီး တာဝန် ရှိသူများက အကအဖွဲ့များနှင့် ဆွေးနွေးပြောကြားသည့် လူငယ် ကိုယ်စားလှယ်များကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း နှင့် အခမ်းအနားသို့ ကျောင်းသား ကျောင်းသူ အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




