![]()
“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ”အား ပြည်တက္ကသိုလ်တွင် ကျင်းပ
၂၀၂၆ ဖေဖော်ဝါရီလ ၄ ရက်
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ” အား ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်တွင် ၂၀၂၆ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က လူငယ်မောင်မယ်များအား လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ငြိမ်းချမ်းရေးနှင့်နိုင်ငံတော်တည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခု ဖိုရမ် ဟာ လူမျိုး၊ ဒေသ၊ ယဉ်ကျေးမှုနှင့်လူမှုနောက်ခံ မတူကွဲပြားတဲ့ လူငယ်များကို စုစည်းပြီး မိမိတို့၏ အမြင်များကို မျှဝေရန်ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေးနှင့်လူမှုအသိုက်အဝန်းတည်ငြိမ်ရေးသည် လူငယ်များ ပါဝင်မှုနှင့် ဆောင်ရွက်ချက်များ အရေးကြီးမှုကို ပေါ်လွင်စေရန်၊ လူငယ်များအတွက် အခွင့် အလမ်းများ ဖန်တီးပေးရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ လူမှုလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရန်အတွက် လူငယ်များရဲ့ အကြံပြုချက်များ ရရှိစေရန်နှင့် ရွေးကောက်ပွဲလွန်ကာလများမှာ လူငယ်များရဲ့ လက်တွေ့ကျတဲ့ အခန်းကဏ္ဍများကို ဖော်ထုတ်နိုင်ရန် စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ ခေတ်လူငယ်များဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍများစွာမှာ ပါဝင် နေတာဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ဦးဆောင်ပြီး နိုင်ငံတော်ရဲ့တာဝန်များကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူရမှာ ဖြစ်တဲ့အတွက် လူငယ်များအားလုံးဟာ နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များရဲ့ အရည်အသွေး စွမ်းဆောင်ရည်နှင့် စိတ်ဓါတ်တွေမြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မျော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းကို ကောင်းသ ထက်ကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအနေနှင့် မိမိတို့ရဲ့ဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် အစဉ်အမြဲကြိုးစားနေရမည်ဖြစ်ကြောင်း၊ ယခုထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲမှ တဆင့် ရရှိသည့်အတွေ့အကြုံကောင်းများကို လေ့လာမှတ်သားရင်း နိုင်ငံအကျိုး၊ အများပြည်သူ အကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ပြီး အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်များ၊ အနာဂတ်ရဲ့ ခေါင်းဆောင် များဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အမှတ်တရ ဗီဒီယိုကလစ်အား ပြသခဲ့ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် အုပ်ချုပ်သူ လူငယ်ကိုယ်စားလှယ် တစ်ဦးမှ ဖိုရမ် သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူငယ်ကိုယ်စားလှယ်များက လက်နက်ကိုင်ပဋိပက္ခများ လျော့ချရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ခေါင်းစဉ်အားလည်းကောင်း၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ခြင်း လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အားကစား ၊ လူငယ်ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်အားလည်းကောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုင်ရာ အသိပညာများ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်းနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုများမှတစ်ဆင့် ဟန်ချက် ညီ၍ ငြိမ်းချမ်းသော နိုင်ငံတော်ကို တည်ဆောက်ခြင်း ခေါင်းစဉ်အားလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာ (IT)၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဆိုက်ဘာ(Cyber) အွန်လိုင်းလုံခြုံရေး (Online Security) လူမှုကွန်ရက်မီဒီယာ (Social Media) ထိရောက်သောသတင်းမှန်ပြန်ကြားရေးခေါင်းစဉ်များကို လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များက အသီးသီးဆွေးနွေးကြပြီး အုပ်ချုပ်သူလူငယ်ကိုယ်စားလှယ်တစ်ဦးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ လူငယ်ကြေညာစာတမ်းအား ကြော်ငြာ ရွတ်ဆိုခဲ့ပါသည်။
အခမ်းအနားတွင် ပြည်တက္ကသိုလ်၊ ပြည်ပညာရေးကောလိပ်၊ ပြည်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် ပေါက်ခေါင်းမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ လူငယ်မောင်မယ်များက သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများမှ အကအဖွဲ့များနှင့် ဆွေးနွေးပြောကြားသည့် လူငယ်ကိုယ်စားလှယ်များကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်ခရိုင်/ ပြည်မြို့နယ် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်း ရှင်များ ၊ MSME လုပ်ငန်းရှင်များ၊ ပရဟိတလူငယ်များနှင့် ကျောင်းသူ ကျောင်းသား လူငယ် မောင်မယ်များ ၇၀၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




