![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ် အားကစားခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှအကြီးအကဲပုဂ္ဂိုလ်များ၊တိုင်းဒေသကြီးအားကစား ဆပ်ကော်မတီ များ မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဦးစွာ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မင်္ဂလာဒုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က နဝရတ်အားကစားခန်းမအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့်အားကစားခန်းမ၌ လူငယ်လူရွယ်များအနေဖြင့် အားကစား လေ့ကျင့်မှုများ စဉ်ဆက် မပြတ်စေဘဲ အားကစားကဏ္ဍ အသက်ဝင်နေစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် တိုင်းကြီးတစ်ခုဖြစ်ပြီး မြန်မာ့လက်ရွေးစင်အားကစားသမားများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အစဉ်အလာကောင်းသည့် တိုင်းဒေသကြီးတစ်ခုအဖြစ် မှတ်တမ်းတင် နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယခုလို အောင်မြင်မှုမျိုးရရှိခဲ့ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးတစ်ခုလုံး နယ်ပယ်စုံ၊ ကဏ္ဍစုံဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှု များကြောင့် ယခုလိုအောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲများ တွင်လည်း ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုများ ရရှိအောင် အစွမ်းကုန်ကြိုးစား၍ နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ပေါ်ထွက် လာစေရေးအတွက် ဆက်လက်၍ ဝိုင်းဝန်းပံ့ပိုး ထောက်ပံ့ပေးသွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ယခုလိုဘက်စုံသုံး အားကစားခန်းမကြီး ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် အားကစားအောင်မြင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး၊ တိုင်းဒေသကြီးအဆင့် ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များမှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အနာဂတ်မျိုးဆက်သစ် လက်ရွေးစင် အားကစား သမားကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ မြို့မိမြို့ဖများ အားကစားကော်မတီဝင်များနှင့် ဒေသခံပြည်သူများအနေဖြင့် နဝရက်အားကစား ခန်းမကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အားကစားခန်းမ ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး၊ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နွေရာသီ အားကစား သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး အားကစားလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ကျွမ်းကျင်နည်းပြများနှင့် ချိတ်ဆက်၍ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်မြင်တိုးတက်ရန်အတွက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် တိုင်းဒေသကြီး အားကစားဆပ်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးစား အားထုတ်မှု အချိန်နှင့်တစ်ပြေးညီ ဟန်ချက်မပျက်စေဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမှသာ တိုင်းဒေသကြီးဂုဏ်ကို အားကစားဖြင့် မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နဝရတ်အားကစားခန်းမ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အသီးသီး လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမအား တည်ဆောက်သည့် Sun Ahlin Thit Co,Ltd မှ တာဝန်ရှိသူက စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ လက်ခံရယူခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အထက(၂)လှိုင်သာယာမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၅ သိန်းတို့အား ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့် ဝူရှူးအားကစားအဖွဲ့များက အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာ့သိုင်းသရုပ်ပြအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်း ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်သီတာခိုင်က ငွေကျပ် ၄ သိန်းအားလည်းကောင်း၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် ၂ သိန်းစီတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီ (ပညာရေးကော်မတီ) ဒေါ်ဇင်နီမြင့် U.T.S ကိုယ်ပိုင်အထက်တန်းကျောင်း ရွှေပြည်သာမြို့နယ်တို့က သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင်ငွေကျပ် ၁ သိန်းစီနှင့် စုစုပေါင်းငွေကျပ် ၃ သိန်းစီတို့အား အသီးသီး ထပ်ဆောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။







