![]()
အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအသင်းမှ အားကစားသမားများအား ကမ္ဘောဇဘဏ် နာယကနှင့်ဝန်ထမ်းမိသားစုမှ ပေးပို့လှူဒါန်းသည့် ထိုင်းဘတ်ငွေများအား ဒွန်မောင်းလေဆိပ်၌ ချီးမြှင့်ပေးအပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၇
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမားမြို့တို့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမသန်စွမ်း အားကစား အဖွဲ့အနေဖြင့် ရွှေတံဆိပ်ဆု(၂၀)ခု၊ ငွေတံဆိပ်ဆု(၁၉)ခု၊ ကြေးတံဆိပ်ဆု(၂၀)ခု၊ စုစုပေါင်းဆုတံဆိပ် (၅၉)ခုတို့ကို ဆွတ်ခူးရယူပေးခဲ့သည့်နိုင်ငံကိုယ်စားပြု အားကစားသမားများအတွက် လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်ခြင်းအနေဖြင့် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ် ဝန်ထမ်းမိသားစုများမှ မသန်စွမ်းအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၁ သိန်းစီအား မြန်မာသံရုံးသံအမတ်ကြီး ဦးဇော်ဇော်စိုးကလည်းကောင်း၊ ငွေတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက် ) ထိုင်းဘတ် ၅ သောင်းစီအား စစ်သံမှူးကြီးဗိုလ်မှူးချုပ် ဝင်းသူလင်း ကလည်းကောင်း၊ ကြေးတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၃ သောင်းစီအား သံမှူးကြီးဦးစိုးသူဟိန်းကလည်းကောင်း၊ စုစုပေါင်း ရွှေ ၂၀ ဆု ၊ ငွေ ၁၉ ဆုနှင့် ကြေး ၂၀ ဆုတို့အတွက် ထိုင်းဘတ် ၃၅ သိန်း ၅ သောင်း ကို ဗန်ကောက်မြို့ ၊ ဒွန်မောင်းလေဆိပ်တွင် ချီးမြှင့် ပေးအပ်ခဲ့ပါသည်။
ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ရိုးရာခြင်းလုံးနှင့် ဘိလိယက်ပြိုင်ပွဲများ၌ ရရှိသည့် ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ထိုင်းဘတ် ၃ သိန်းစီဖြင့် ထိုင်း ဘတ် ၉ သိန်း ဆုချီးမြှင့်ခဲ့ပါသဖြင့် ကမ္ဘောဇဘဏ် နာယက နှင့် ဝန်ထမ်းမိသားစုများ၏ ချီးမြှင့်ငွေ စုစုပေါင်း ထိုင်းဘတ် ၄၄.၅ သိန်း ဖြစ်ကြောင်းသိရသည်။


