![]()
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများမှ အားကစားထူးချွန်သူလူငယ်များ ထွက်ပေါ်လာစေရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများမှ အားကစားထူးချွန်သူ မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ် လာစေရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားထူးချွန်သူ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် လူငယ်သင်တန်းကျောင်းများတွင် အားကစားနည်းအလိုက် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းတက်ရောက်မည့် ခန့်မှန်းအားကစားသမား အင်အားစာရင်းနှင့် လူအရေအတွက် သိရှိစေရန်အတွက် ကွင်းဆင်း၍ သင်ကြားလေ့ကျင့်ပေးမည့် အားကစားနည်းများ ရွေးချယ်၍ ကြံ့ခိုင်မှုများစစ်ဆေးခြင်းများကို ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များမှလည်း နည်းပြအင်အား ခွဲဝေတာဝန်ပေးအပ်နိုင်ရန်အတွက် အမည်စာရင်းနှင့် ခန့်မှန်းအင်အားစာရင်းများကိုလည်း ကြိုတင်ပြုစုထားရှိ၍ ပြန်လည်တင်ပြထားပြီးဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ၊ အားကစားနည်းအလိုက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် အားကစားကွင်း/အားကစားရုံ ပြင်ဆင်ဆောင်ရွက်မှု ကဏ္ဍများကိုလည်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်း၍ လိုအပ်သည်များကိုပေါင်းစပ်ပြီး ထောက်ပံ့ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ မွေးထုတ်ပေးနိုင်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် အားကစားနည်းစနစ်များကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များကို သက်ဆိုင်ရာလူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက သတ်မှတ်အားကစားနည်း (၁၃)နည်းအတွက် သင်ကြားလေ့ကျင့်ပေးနိုင်မည့် ကာလအပိုင်းအခြား၊ နည်းပြစေလွှတ်ပေးနိုင်ရေးကိစ္စ၊ အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီး ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် သင်ကြားလေ့ကျင့်ပေးမည့် သင်တန်းကာလ၊ သင်ကြားရေးအစီအစဉ် (Training Programme) နှင့် သင်ကြားလေ့ကျင့်ပေးမည့် နည်းပြများ၏ အမည်စာရင်းအား ပြည့်ပြည့်စုံစုံဖြင့် စီမံချက်ရေးဆွဲ၍ ပြန်လည်တင်ပြ ပေးသွားရန်လိုကြောင်း၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်စေရေးအတွက် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များနှင့် နေထိုင်စားသောက်မှုကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ အမှန်တကယ် လုပ်ကိုင်နိုင်သည့် နည်းပြများကိုသာ တာဝန်ခွဲဝေပေးအပ်သွားရန်လိုကြောင်း တာဝန်ရှိသူများကို မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




