![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂ဝ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁၀)ရှိ သုခပညာခန်းမ၌ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ စာရေးဆရာမဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ (အ.ထ.က-၁၀) ဇမ္ဗူသီရိမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ(အ.ထ.က-၁၀)ဇမ္ဗူသီရိမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေ ခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင်ရှိသည့် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် ယဉ်ကျေးလိမ္မာသူများ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်သည့် လူတော်လူကောင်းများ၊ နိုင်ငံတော်မှ အားကိုးအားထားရသည့် သားကောင်းရတနာများ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးဟောပြောပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများ ဖြစ်အောင် ပညာရေးပိုင်းတွင် ကြိုးစားလေ့လာသင်ယူ၍ အသက်မွေးဝမ်းကြောင်း အတတ်ပညာ များကိုလည်း တတ်မြောက်အောင် သင်ယူလေ့လာသွားကြရန်လိုကြောင်း၊ လူငယ်ဘဝကို တန်ဖိုးထားပြီး ပညာကို ကြိုးစားသင်ယူ၍ ကျောင်းပြင်ပ ပညာများဖြစ်သည့် နိုင်ငံတကာနှင့် ပတ်သက်သော အထွေထွေ ဗဟုသုတများ၊ အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာစကားများ၊ ကွန်ပျူတာသင်တန်းများ၊ ခေတ်မီတိုးတက်လာသည့် IT နည်းပညာအပါအဝင် အခြားသော နည်းပညာများကို မျက်ခြေမပြတ် လေ့လာတတ်ကျွမ်းအောင် ကြိုးစားသင်ယူသွားကြရန်လိုကြောင်း၊ အားလပ်ချိန်တွင် ကျန်းမာရေး အတွက် အားကစားပြုလုပ်ခြင်းနှင့် စာဖတ်ခြင်းသည် လူငယ်များ၏ ကျန်းမာရေးနှင့် အသိပညာ၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ခြင်းကို များစွာအထောက်အကူဖြစ်စေသည့်အတွက် စာအုပ်စာပေကောင်း များ ဖတ်ရှုသည့် အလေ့အကျင့်ကို ပြုလုပ်သွားရန်နှင့် အားကစားလေ့ကျင့်ခြင်းကိုလည်း လေ့လာ လိုက်စားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အသိပညာပေးဟောပြောပို့ချမည့် စာရေးဆရာမသက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်နှင့် (အ.ထ.က-၁၀) ဇမ္ဗူသီရိ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေထံသို့ ဗဟုသုတစာအုပ်များနှင့် အားကစားအထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စာရေးဆရာမသက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “လူငယ်နှင့်အကျင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခြင်း၊ နေပြည်တော် လူငယ်ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက ဉာဏ်စမ်းပဟေဠိ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေဆိုသူ များကို အမှတ်တရ ဆုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




