![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ထိုင်း၊ ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ဒေသစံတော်ချိန်(၇)နာရီတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်ထိုင်းနိုင်ငံက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့များက ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူကြသည်။
ထို့နောက် Asean Para Sports Federation(APSF) ဥက္ကဋ္ဌ Board of Governor(BoG) အတွင်းရေးမှူး Major General Osoth Bhavilai နှင့် Sports Authority of Thailand (SAT) ဥက္ကဋ္ဌ Dr.Kongsak Yodmanee တို့က အဖွင့်မိန့်ခွန်းအသီးသီးပြောကြားခြင်း၊ ထိုင်းနိုင်ငံဘုရင်ကိုယ်စား Prince Chalermsuk က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ ထိုင်းနိုင်ငံ အလံ၊ Asean Para Sports Federation(APSF) အလံနှင့် Asean Para Games အလံတို့ကို အသီးသီးလွှင့်တင်ခဲ့ပြီး အားကစားသမားများနှင့် ဒိုင်လူကြီးများက ကတိသစ္စာ ရွတ်ဆိုခြင်းများပြုလုပ်ခဲ့ကြသည်။
ယင်းနောက် အိမ်ရှင်ထိုင်းနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် မသန်စွမ်း အားကစားသမားများက မီးရှူးတိုင်အား အသီးသီး လက်ဆင့်ကမ်းသယ်ဆောင်၍ မီးရှူးတိုင်အား ထွန်းညှိခဲ့ပြီးနောက် မီးရှူးမီးပန်းများ ပစ်ဖောက်၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ ဗန်ကောက်နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များတွင် ဇန်နဝါရီလ(၂၀) ရက်နေ့မှ (၂၆)ရက်နေ့အထိ အားကစားနည်း (၁၉)နည်းအား ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၁)နည်းတွင် အုပ်ချုပ်/နည်းပြ၊ အားကစားသမားစုစုပေါင်း(၁၄၅)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


