![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ယဉ်ကျေးမှုအဖွဲ့များအား ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် စားရိပ်သာ၊ အိပ်ဆောင်နှင့် ကြိုဆိုနှုတ်ဆက်ပွဲ ကျင်းပမည့် ခန်းမနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ ၁၈
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့်ဧည့်ခံ ကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များအား ဧည့်ခံကျွေးမွေးမည့် စားရိပ်သာ၊ အိပ်ဆောင်နှင့် ကြိုဆိုနှုတ်ဆက်ပွဲ ကျင်းပမည့်နေရာပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များအား ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များနှင့် နေထိုင်စားသောက်မှုများ အဆင်ပြေ ချောမွေ့စေရေးအတွက် ဧည့်ခံကျွေးမွေးမည့် ရိပ်သာပြန်လည် ပြုပြင်ဆောင်ရွက်ထားရှိမှု၊ ကျွေးမွေးမည့် နေရာနှင့် အစားအသောက်ကျွေးမွေးမည့်ပုံစံ နမူနာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အစားအသောက်များ ကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်မည့် မီးဖိုနေရာ၊ ဟင်းသီး ဟင်းရွက်များနှင့် ကုန်ခြောက်များ သိုလှောင်သိမ်းဆည်းထားရှိမည့် နေရာများအားလည်းကောင်း၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနေထိုင်မည့် အိပ်ဆောင် ခင်းကျင်းထားရှိမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာများ အချိန်မီပြုပြင်ပြီးစီးစေရေး၊ သောက်ရေနှင့် သုံးရေ လုံလောက်စွာ ရရှိစေရေးနှင့် ရေ၊ မီး သုံးစွဲမှုများ အဆင်ပြေချောမွေ့စေရေးတို့အတွက် ရေလိုင်း မီးလိုင်းများကို ပြန်လည်စစ်ဆေးသွားရန် လိုကြောင်း၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များတွင် လစ်ဟင်းမှုများမရှိစေရေး အတွက် အထူးဂရုစိုက်ဆောင်ရွက်သွားရန်လိုကြောင်း တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့တော်ခန်းမသို့ သွားရောက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ အဖွဲ့ဝင်များနှင့်အတူ အခမ်းအနားသို့ တက်ရောက်မည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ကြိုဆို နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပမည့် ခန်းမနေရာပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး အတွက် ဆပ်ကော်မတီများအလိုက် လိုအပ်သည်များကို ပေါင်းစပ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


