![]()
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ
ရန်ကုန်၊ ဇန်နဝါရီ ၁၅
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့များတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ သည် ယနေ့နံနက် (၀၆း၀၀) နာရီအချိန်တွင် လေယာဉ်အမှတ် 8M-364 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ ဖိတ်ကြားခံ(၂)ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (ပြည်ပရေးရာ) ဒေါက်တာ တင်မောင်လှိုင် ဦးဆောင်သည့် အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများ၊ ဒိုင်လူကြီးများနှင့် မသန်စွမ်းအားကစားသမားများ စုစုပေါင်း အင်အား (၁၄၇)ဦးတို့ လိုက်ပါသွားခဲ့သည်။
(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့တို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ရေကူး၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ ဘိုးလင်း၊ စစ်တုရင်၊ ဘောလုံး၊ ဂိုလ်းဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောနှင့် အလေးမစသည့် အားကစားနည်း (၁၁) နည်းတို့တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


