![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ
နာခွန်ရစ်ချာဆီမား၊ ဇန်နဝါရီ ၁၅။
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း(၁၁)နည်း၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ဝင် (၁၄၅)ဦး တို့သည် မြန်မာ့လေကြောင်းလိုင်း(MAI) စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက် မြန်မာစံတော်ချိန် (၆)နာရီအချိန်တွင် ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက်(၆)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဝင်းသူလင်းတို့က လာရောက်ကြိုဆိုခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးမှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ တည်းခိုနေထိုင်ရေးအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် (NPC Official)များကို Kantary Hotel နှင့် Sima Thami Hotel တွင်လည်းကောင်း၊ ပြေးခုန်ပစ်၊ ရေကူး၊ သေနတ်ပစ်နှင့် ထိုင်လျက်ဘော်လီဘောအားကစားအဖွဲ့တို့အား Games Village Korat တွင်လည်းကောင်း၊ စစ်တုရင် (မျက်မမြင်)အားကစားအဖွဲ့အား The Imperial Hotel Korat တွင်လည်းကောင်း၊ ဂိုးလ်ဘော (မျက်မမြင်)နှင့် (၇)ယောက်တစ်ဖက်ဘောလုံး အားကစားအဖွဲ့တို့အား Fortune Hotel Korat တွင်လည်းကောင်း၊ စားပွဲတင်တင်းနစ်အားကစား အဖွဲ့အား Louis Residence Hotel Korat တွင်လည်းကောင်း၊ အလေးမအားကစားအဖွဲ့အား Centre Point Hotel Terminal 21 Korat တွင်လည်းကောင်း၊ ဘိုလင်းအားကစားအဖွဲ့အား ဗန်ကောက်မြို့ရှိ Graph Hotel တွင်လည်းကောင်း အသီးသီးနေရာချထားစီစဉ်ပေးခဲ့ကြောင်းသိရှိရသည်။


