အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့ များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် လေ့ကျင့်လျက်ရှိသည့် မျက်မမြင်ဂိုးလ်ဘောအားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ဘိုစီယာ အားကစားနည်းမှ အားကစားသမား မင်းမင်းထိုက်နှင့် ဉုံမှူးဇော်တို့၏ လေ့ကျင့်နေမှုအား လည်းကောင်း၊ အလေးမအားကစားနည်းမှ အားကစားသမား မျိုးမင်းအောင် ၊ အောင်မြင့်မြတ် နှင့်အေးသူအောင်တို့၏လေ့ကျင့်နေမှုတို့အား လည်းကောင်း၊ ထိုင်လျက် ဘော်လီဘော အားကစား နည်းမှ ဘော်လီဘောအားကစားသမားများ လေ့ကျင့် နေမှုတို့အား လည်းကောင်း ကြည့်ရှုအား ပေးခဲ့ပြီးနောက်အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ အားလုံးကျန်းမာရေး အထူးဂရုစိုက် ကြရန်လိုကြောင်း၊ မိမိတို့မျှော်မှန်းထားသည့် အတိုင်း ရွှေတံဆိပ်ဆုများရရှိအောင် အစွမ်းကုန် ကြိုးစားသွားကြစေလိုကြောင်း၊ ပြိုင်ပွဲ ယှဉ်ပြိုင်ရာ၌ နောက်ဆုံးအချိန်အထိ မလျော့သော ဇွဲ၊ စိတ်ဓာတ်ဖြင့် ကြိုးစားသွားစေလိုကြောင်း၊ မသန်ပေမယ့်စွမ်းဆောင်နိုင်သူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် စွမ်းဆောင်နိုင်သူများဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားရန် တိုက်တွန်းမှာကြား ခဲ့သည်။

ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) စားရိပ်သာသို့ ရောက်ရှိပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ ကျောင်းသူ များမှ ထမင်းစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီးနောက် ပြည်ထောင်စုဝန်ကြီး က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အတူတကွ နေ့လယ်စာ စားသုံးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးဖြင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် အားကစားကဏ္ဍ ၊ ပညာရေးကဏ္ဍများနှင့် ပတ်သက်ပြီး အားကစားသမားများ၏ လေ့ကျင့် နေမှုများနှင့် အောင်မြင်မှုများရရှိစေရေး၊ ပညာရေးအောင်ချက် မြင့်မားစေရေး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်အောင်မြင်သူများပြီး အောင်ချက်ကောင်းမွန်စေရေးတို့အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနခွဲအလိုက် ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က တင်ပြချက်များအား ပြန်လည်ရှင်းလင်းဖြေကြား၍ လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်သွားကြစေလိုကြောင်း၊ အားကစားအောင်မြင်မှုအတွက် ဆေးပညာ နှင့် စိတ်ပညာရပ်ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စိတ်ဓာတ် ကောင်းမွန်သည့် အားကစားသမားများဖြစ်ရန်လိုအပ်ကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် အပြုသဘောဆောင်ပြီး လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ကာ အားကစား အဆင့်အတန်း ပိုမိုတိုးတက်အောင်မြင်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။