![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်း များ၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၊ နှစ်ဆက်လုပ်ငန်း ၁ ခုနှင့် Third Party (QA/QC) ငှားရမ်းခြင်းလုပ်ငန်း ၆ ခု၏ သက်ဆိုင်ရာကုမ္ပဏီများအား မြေပြင်၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့် လုပ်ငန်းအခက်အခဲများ တင်ပြနိုင်ရန်အတွက် ယခုအစည်းအဝေးအားကျင်းပရခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအနက် လုပ်ငန်း ၁၃ ခုမှာ ၁၀၀% ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်လုပ်ငန်းများလည်း သတ်မှတ်သည့်အချိန်တွင် အချိန်မီ ပြီးစီးစေလိုကြောင်း၊ ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းအလိုက် ငွေတောင်းခံမှုများအား စိစစ်ပြီး အရစ်ကျထုတ်ပေးပြီးဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်ကာလထက် စောပြီးနိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သက်ဆိုင်ရာ အရည်အသွေးစစ်ဆေးရေးနှင့် ထိန်းသိမ်းရေး QC ကုမ္ပဏီများအနေဖြင့်လည်း တည်ဆောက်ရေးဆောင်ရွက်လျက်ရှိသည့် မြေပြင်၌ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား စစ်ဆေးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာများ အချိန်ပြည့် ထားရှိဆောင်ရွက် ပေးရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ကုမ္ပဏီများမှ တင်ပြခဲ့သည့် Work Schedule များ အတိုင်း လုပ်ငန်းပြီးစီးရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ခံများက မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အဆောက်အဦများ စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး စေတနာထားဆောင်ရွက်ပေးရန်၊ အရည်အသွေး စစ်ဆေးရေးနှင့် ထိန်းသိမ်းရေး QC များအနေဖြင့်လည်း ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှု အားသာချက်/အားနည်းချက်များကို အမှန်တိုင်း သုံးသပ်ပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိသော်လည်း ပြီးစီးရမည့်ကာလတွင် အချိန်မီ ပြီးစီးရန်လိုကြောင်း၊ အရည်အသွေး စစ်ဆေးရေးနှင့် ထိန်းသိမ်းရေး QC များအနေဖြင့်လည်း စေတနာထားပြီး စစ်ဆေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာကုမ္ပဏီများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။




