![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်ပြန်လည်သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
(၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်ပြန်လည်သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ပတ္တမြားခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ နည်းပြများ တက်ရောက်ခဲ့သည်။
အစီအစဉ်အရ (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ၌ ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ်များရယူပေးခဲ့သည့် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်/စနူကာ၊ လှေလှော် ၊ ရွက်လှေ၊ Kickboxing ၊မွေ၊ ဂျူဒို ၊ မြင်းစီး၊ စစ်တုရင် ၊ Tag of War ၊ ဝူရှူး ၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ ၊ အလေးမ၊ နပန်း ၊ Taqball ၊ ပြေးခုန်ပစ်၊ ကရာတေး၊ ပီတန်း အားကစားအဖွဲ့များနှင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် Kabaddi၊ ဘော်လီဘော၊ ဘိုးလင်း၊ ကျွမ်းဘား၊ Squash၊ ခရစ်ကက်၊ စားပွဲတင်တင်းနစ်၊ ဂျူဂျစ်ဆု ၊ သေနတ်ပစ်၊ မြားပစ်၊ ဘောလုံး၊ ဖူဆယ်/သဲသောင်ပြင်၊ ဟော်ကီ ၊ ကြက်တောင်၊ E-Sports ၊ စက်ဘီး၊ ရေကူး၊ ပန်ကြပ်ဆီလပ်၊ ဘတ်စကက်ဘော ၊ ဂေါက်သီး အားကစားအဖွဲ့ချုပ်များ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သော (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၈ နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၃ ခု ၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၈ ခု စုစုပေါင်း ၇၂ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်တွင် အဆင့် ၇ ရရှိခဲ့သည့်အတွက် နိုင်ငံအလိုက်အဆင့်ရပ်တည်မှုကိုဆက်ပြီး ထိန်းနိုင်ခဲ့ပါကြောင်း၊ အားကစားနည်းများအလိုက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နောက်ကျ မကျန်ခဲ့စေဘဲ အမျှော်အမြင်များစွာဖြင့်သုံးသပ်ယှဉ်ပြိုင်ကစားကြပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ ယခုကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ သွားရောက်မယှဉ်ပြိုင်ခင်တွင် မန္တလေး ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံ အားကစားကွင်းသို့ ပြောင်းရွှေ့ လေ့ကျင့်ခဲ့ရသည့်အတွက် Training အချိန်လျော့နည်းခြင်း၊ ခန္ဓာကိုယ် တည်ဆောက်မှု၊ ကြွက်သား သန်မာမှုအားနည်းခြင်း၊ လေ့ကျင့်မှုမပြည့်ဝဘဲ သွားရောက် ယှဉ်ပြိုင်ခဲ့ရမှုများကြောင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များမရရှိ ခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယခုပြိုင်ပွဲတွင်ကြုံတွေ့ခဲ့ရသောအားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဆောင်ရွက်ပြီး ပြိုင်ဘက် နိုင်ငံများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် Event အားကစားနည်း အမျိုးအစားများ၊ နိုင်ငံတကာအဆင့်မီသည့် နည်းပညာရပ်များနှင့် နည်းဗျူဟာများကို ပြန်လည် လေ့လာ၍ တတ်ကျွမ်း နားလည်ပြီး အရည်အချင်းပြည့်ဝသည့် နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ စနစ်တကျ ကြီးကြပ်ကွပ်ကဲမှုများဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်ပြီး အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားစေလိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ၏ အမည်စာရင်းများကို အဖွဲ့ချုပ်များမှတစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြသွားစေလိုကြောင်း၊ အားကစားနည်းများအလိုက် စံချိန်၊ စံညွှန်း၊ စံနှုန်းများနှင့် အဓိကလိုအပ် ချက်များအား တင်ပြဆွေးနွေးပေးသွားစေလိုကြောင်း၊ နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်၍ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား များ အဆင်သင့်ရှိနေစေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုများ ၊ အားကစားနည်း ၃၈ နည်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစားနည်း ၁၈ နည်းမှ ရွှေ၊ ငွေ ၊ ကြေး ဆုတံဆိပ်များ ရယူနိုင်ခဲ့ပြီး ကျန်အားကစားနည်း ၂၀ နည်းမှ ဆုတံဆိပ် ရယူနိုင်ခဲ့ခြင်း မရှိဘဲ အကြိုဗိုလ်လုပွဲအဆင့်၊အသင်းလိုက် ကွာတားဖိုင်နယ်အဆင့် ၊ တစ်ဦးချင်း ကွာတား ဖိုင်နယ်အဆင့် ၊ အုပ်စုအဆင့်များထိသာ တက်ရောက်နိုင်ခဲ့မှုများ ၊ နိုင်ငံအလိုက်ဆုရရှိမှု အခြေအနေများ ၊၂၀၂၇ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ ၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ပြီးအောင်မြင်မှုဆုတံဆိပ် ရရှိနိုင်မည့် အားကစားနည်းများ ၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု မရရှိနိုင်သည့် အားကစားနည်းများ၊ ကျင်းပ ပြုလုပ်မည့် မြို့ ၄ မြို့၊ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၈ နည်း ၊ ဖွင့်ပွဲ/ ပိတ်ပွဲကျင်းပမည့် အားကစား ကွင်းများ၊ ၂၀၂၆ -၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ရန်ကုန်၊ နေပြည်တော် ၊ ပဲခူး၊ပုသိမ်၊ တောင်ကြီး၊ဘားအံ ဇုန်များ၌ ကျင်းပပြုလုပ်ရန် ပြက္ခဒိန် (မူကြမ်း) ရေးဆွဲတင်ပြ ထားမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး နည်းစနစ်မှန်ကန်စေရန် ၊ ကိုယ်ခံပညာ ကောင်းမွန်စေရန် အများကြီးလိုအပ်မှုများ ရှိပါကြောင်း၊ အားနည်းချက်များကို မှန်ကန်စွာပြန်လည် သုံးသပ်ပြီး နောင်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိအောင် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်နှင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ပြီး ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ယခုကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံများ၏ အားသာချက်များကို အသုံးချပြီးပြိုင်ပွဲ ကျင်းပခွင့်နှင့် အောင်နိုင်ရေး ရရှိခဲ့သည့်အခြေအနေများ၊ ပြိုင်ပွဲကျင်းပရေးစနစ် အားနည်းချက်များ ၊ နိမ့်ကျသည့် ပြိုင်ပွဲဝင်နိုင်ငံများ၏ ရှေ့မှောက်တွင် အသင်းလိုက် မဲခွဲစနစ်များနှင့် ပွဲစဉ်ဇယား ရေးဆွဲရာတွင် မျှတမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စည်းမျဉ်း/စည်းကမ်းများနှင့် မညီညွတ်ခြင်းများ၊ ပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် အခက်အခဲရှိခဲ့မှုများ၊ ယခုအရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှ အားနည်းချက် များအား သိရှိနားလည်ပြီး ပြန်လည်သုံးသပ်ကာ အားကစားအောင်နိုင်ရေး အတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဒိုင်နည်းပြသင်တန်းများ၊ ဖွင့်လှစ်ခြင်း နှင့် ပြည်ပသို့ သွားရောက် သင်ယူနိုင်ရေးများကိစ္စရပ်များ၊ အားကစားကွင်းများ လုံလောက်စွာရရှိရေး၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ပေးနိုင်ရေး၊ ပြိုင်ပွဲအတွေ့အကြုံရရှိစေရေးအတွက် နိုင်ငံတကာ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံခြား နည်းပြများငှားရမ်း လေ့ကျင့်ပေးနိုင်ရေး၊ Joint Training သွားရောက်ပူးတွဲလေ့ကျင့်နိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများမှ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ အားကစားသမားများ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုရရှိစေရေး၊ သက်လုံကောင်းမွန်စေရေး၊ နည်းစနစ်နည်းဗျူဟာများ ကောင်းမွန်စေရေး၊ မှန်ကန်စွာဆုံးဖြတ်နိုင်ရေး၊ နေထိုင်စားသောက်မှုနှင့် အိပ်ချိန်မှန်ကန်မှု စည်းစနစ်တကျရှိစေရေး၊ နောင်လာမည့် ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်အောင်ဆောင်ရွက်ရေး၊ ပြိုင်ပွဲမတိုင်မီ ကြိုတင်၍ Black List စစ်နိုင်ရေး၊ နည်းစနစ်ပိုင်း ကောင်းမွန်စေရန် နားလည်တတ်ကျွမ်းသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပြီးနောင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲများအတွက်ရေတို/ရေရှည်စီမံချက်များရေးဆွဲပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှတဆင့် ပြည်ထောင်စုဝန်ကြီးထံတင်ပြပြီး ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်းတင်ပြဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




