![]()
၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Gold Camp ရှိ Gold Medal Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ၃၁-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းမှစ၍ လေ့ကျင့်ရေးကွင်း အမှတ်(၃)တွင်လည်းကောင်း၊ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲများကို ၃၀-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် လေ့ကျင့်ရေးကွင်းအမှတ်(၄)တွင်လည်းကောင်း ကျင်းပပေးသွား မည်ဖြစ်ပြီး ပြိုင်ပွဲများအား ဒီဇင်ဘာ ၃၀ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်မှာ National Fitness ဖြစ်သည့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ မြန်မာ့အားကစားလောက အဆင့်အတန်း တိုးတက် မြင့်မားစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အပန်းဖြေမှုဖြစ်သည့်အပြင် ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာ လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကိုလည်း ဝန်ကြီးဌာနများသို့ ကြိုတင် ဖြန့်ဝေပေးထားပြီး ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အတည်ပြုပြီးသော အားကစားသမားများအား အသင်းလိုက်မှတ်တမ်းတင်ပြီးပါက ထပ်မံ၍ လူစားလဲလှယ်ခြင်း မပြုလုပ်ကြရန်နှင့် ထပ်မံကန့်ကွက်ခြင်းများ မပြုလုပ်ကြရန် မှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲများတွင် ဆုဆွဲပြားများအပြင်၊ ဆုကြေးငွေများအဖြစ် လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ တတိယဆု ကျပ်(၁၀)သိန်း၊ စတုတ္ထဆု ကျပ်(၅)သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ နှင့် နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လူတွေ့စစ်ဆေးခြင်း၊ အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ဝန်ကြီးဌာန အသီးသီးမှ အမျိုးသားပြိုင်ပွဲဝင်အသင်း (၂၅)သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၂၁)သင်းနှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၅)သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲများအား နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် (၄)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


