![]()
(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ယဉ်ကျေးမှုအဖွဲ့များအား ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် စားရိပ်သာနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၂၅
(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(၂) ဦးခွန်နေထွန်းဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနကြီးမှူး(ကျန်းမာရေး) ဦးအေးကိုကို၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကြိုဆိုနေရာ ချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များအား ဧည့်ခံကျွေးမွေးမည့် စားရိပ်သာ နေရာပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအား ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များနှင့် နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ဧည့်ခံကျွေးမွေးမည့် ရိပ်သာပြန်လည် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ အစားအသောက်များ ကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်မည့်နေရာ၊ ဟင်းသီး ဟင်းရွက်များနှင့် ကုန်ခြောက်များ သိုလှောင်သိမ်းဆည်းထားရှိမည့်နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး စားရိပ်သာများ အချိန်မီပြုပြင်ပြီးစီးစေရေး၊ သောက်ရေနှင့် သုံးရေ လုံလောက်စွာ ရရှိစေရေးနှင့် ရေ၊ မီးသုံးစွဲမှုများ အဆင်ပြေချောမွေ့စေရေးတို့အတွက် ရေလိုင်း မီးလိုင်းများကို ပြန်လည်စစ်ဆေးသွားရန်လိုကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ပြင်ဆင် ဆောင်ရွက်မှုများတွင် လစ်ဟင်းမှုများမရှိစေရန် အထူးဂရုစိုက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ချက်ပြုတ်မည့် နေရာများအား စနစ်တကျ သန့်သန့်ရှင်းရှင်း ထားရှိသွားရန်နှင့် အဝင်လမ်းတစ်လျှောက် အလံတိုင်စိုက်ထူခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များကို ပေါင်းစပ်၍ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံ ကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆပ်ကော်မတီများအလိုက် လိုအပ်သည် များကို ပေါင်းစပ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပို့တင်ပြသွားရန် မှာကြားခဲ့ကြောင်းသိရသည်။


