အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါဝင်ဆင်နွှဲ

နေပြည်တော်၊ ဒီဇင်ဘာ(၂၀)

၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း ရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် ဒုတိယမြို့တော်ဝန်၊နေပြည်တော်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပျဉ်းမနားခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူလူထုနှင့်ကျောင်းသားလူငယ်များ စုစုပေါင်းအင်အား ၈၅၀ ကျော် ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က ခရာမှုတ်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ပေါင်းလောင်း အားကစားကွင်းရှေ့မှ ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် နှင်းဆီပန်းဝိုင်းအား ပတ်၍ အဆိုပါလမ်းအတိုင်း တစ်ပျော်တစ်ပါး ပြန်လည်စုပေါင်းလမ်းလျှောက်ကြသည်။

ထို့နောက် ပေါင်းလောင်းအားကစားကွင်းအတွင်းသို့ဝင်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁ ၊ ၂)ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများနှင့် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက နံနက်စာ ကောက်ညှင်းပေါင်းနှင့်အကြော်များအား ပေးဝေကြသည်။

ပြီးနောက် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပွဲများကျင်းပပြီး ပြိုင်ပွဲတွင် ဆုရရှိသောအားကစားသမားများအား နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ ကြောင်းသိရသည်။