![]()
မြန်မာနိုင်ငံအတွက် ရိုးရာလှေလှော်အားကစားနည်းမှ ငွေတံဆိပ်ဆု ၁ ခုနှင့်ကြေးတံဆိပ်ဆု ၂ ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆု ၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ခု ထပ်မံဆွတ်ခူးရရှိ
ထိုင်း၊ ဒီဇင်ဘာ ၁၉
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်း အနေဖြင့် ခရစ်ကတ်၊ သေနတ်ပစ်၊ ဖူဆယ်၊ ဘော်လီဘော၊ အပြည်ပြည်ဆိုင်ရာလှေ၊ နဂါးလှေ၊ နပန်း၊ မြင်းစီးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစား အဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် မြန်မာအားကစားအသင်းမှ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် ရိုးရာလှေလှော်အားကစားနည်း အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲနှင့် နဂါးလှေလှော် အမျိုးသား/အမျိုးသမီး ၁၀ တက်လှော် ၅၀၀ မီတာပြိုင်ပွဲများတွင် မြန်မာအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း၊ ချွန်ဘူရီမြို့ရှိ Thai Polo & Equestrain Club Pattaya, Chonburi ၌ ကျင်းပလျက်ရှိသည့် မြင်းစီးအားကစားနည်း တစ်ဦးချင်းလူရွေးပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ စောမောင်နှင့် ကျော်ဝဏ္ဏအောင်တို့၏ ပြိုင်ပွဲယှဉ်ပြိုင် နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အလားတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များလိုက်ပါလျက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Indoor Stadium Huamark, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် ဘော်လီဘောပြိုင်ပွဲ အဆင့် (၅) လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့၏ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ခရစ်ကတ်အားကစားနည်း အမျိုးသမီး T20i တတိယလုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ သေနတ်ပစ်အားကစားနည်း ၅၀ မီတာရိုင်ဖယ် အနေအထား ၃ မျိုး အမျိုးသားတစ်ဦးချင်း လက်ရည်စစ်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ဘော်လီဘောပြိုင်ပွဲ အဆင့် (၅) လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်း၊ အပြည်ပြည်ဆိုင်ရာလှေအားကစားနည်း အမျိုးသား/ အမျိုးသမီး ကမ်းရိုးတန်း/ကမ်းခြေတစ်ယောက်လှော်(၂) တက်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ နဂါးလှေအမျိုးသား(၁၀)တက်လှော် ၅၀၀ မီတာပြိုင်ပွဲဗိုလ်လုပွဲများနှင့် အမျိုးသား+အမျိုးသမီး ပေါင်းစပ်လှော် (၂၀)တက် ၅၀၀ မီတာပြိုင်ပွဲ ဗိုလ်လုပွဲ၊ နပန်းအားကစားနည်း Men’s Freestyle – 57kg အုပ်စုပတ်လည်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ Men’s Freestyle
– 65kg အုပ်စုပတ်လည်ပြိုင်ပွဲနှင့် ဗိုလ်လုပွဲ၊ မြင်းစီးအားကစားနည်း တစ်ဦးချင်းလူရွေးပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရိုးရာလှေလှော်အားကစားနည်း နဂါးလှေလှော် အမျိုးသား ၁၀ တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်းလင်း၊ စောနိုင်လင်းကျော်၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်နှင့် ထက်ဝေဖြိုးတို့အတွဲက ကြေးတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ အမျိုးသမီး ၁၀ တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် လှလှထွေး၊ ဝင်းဝင်းထွေး၊ စိုးစိုးကျော်၊ စန်းစန်းမိုး၊ သီတာဦး၊ မာန်ဟွဲ့ဖောင်၊ ဖြူဖြူအောင်၊ နော်ထဲဆိုဖော၊ အိအိချော၊ နွေးအိဖြူ၊ သဉ္ဇာမြင့်ဇွန်၊ လင်းလင်းကျော်၊ ချိုချိုလွင်နှင့် နွယ်နီဝင်းတို့အတွဲက ကြေးတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ စုစုပေါင်း ကြေးတံဆိပ်ဆု ၂ ခုတို့ကို အသီးသီး ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆု ၃ ခု ဆွတ်ခူးရရှိခဲ့သည့် နဂါးလှေလှော် အားကစားနည်း အမျိုးသား/အမျိုးသမီးအသင်းမှ အားကစားသမားများနှင့် ယမန်နေ့ ပြိုင်ပွဲပွဲစဉ်ဖြစ်သည့် မြင်းစီးအားကစားနည်း Eventing Dreassage, Show Jumping & Cross Country အားကစားနည်းသုံးမျိုးပါသည့်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ၁ ခုရရှိခဲ့သည့် မြန်မာအသင်းမှ သန်းနိုင်အောင်၊ စောမောင်နှင့် နန်းကိုဝင်းတို့အတွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာလှေလှော်အားကစားနည်း အမျိုးသားကမ်းရိုးတန်း/ ကမ်းခြေ တစ်ယောက်လှော်(၂) တက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ဝေယံမိုးနှင့် ထိုင်းအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ရာ မြန်မာအသင်းမှ ဝေယံမိုးက ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
ယမန်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် လက်ဝှေ့အားကစားနည်း ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ထားထားနွယ်က ကြေးတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ ၆၆ ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း က ကြေးတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ ၅၀ ကီလိုတန်းပြိုင်ပွဲတွင် မြမိုးသူက ကြေးတံဆိပ်ဆု ၁ ခုကိုလည်းကောင်း၊ ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ဆုမြတ်နိုးက ကြေးတံဆိပ်ဆု ၁ ခုကို လည်းကောင်း၊ စုစုပေါင်း ကြေးတံဆိပ်ဆု ၄ ခုတို့ကို အသီးသီး ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၉ ရက်နေ့၏ ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇၁ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။





