![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကြက်တောင် အမျိုးသား/ အမျိုးသမီးအသင်းလိုက် အုပ်စုပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များစတင်ကျင်းပ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကြက်တောင် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Gymnasium 4, Thammasat University Rangsit Campus, Pathum Thani ၌ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာအားကစား အဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ ကြက်တောင်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၁၀ နာရီတွင် အမျိုးသမီးအသင်းလိုက် အုပ်စုပွဲစဉ်များနှင့် မွန်းလွဲ ၃ နာရီတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစား ခဲ့သည်။
အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ပထမပွဲငယ်၌ အင်ဒိုနီးရှားအသင်းမှ BWF Ranking 7 ကစားသမားနှင့်လည်းကောင်း၊ ဒုတိယပွဲငယ်နှင့် တတိယပွဲငယ်တို့၌ အင်ဒိုနီးရှားအသင်းမှ BWF Ranking 10 တို့နှင့်လည်းကောင်း ပွဲကြီး ၃ ပွဲအား ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ကြက်တောင်အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းမှ မသက်ထားသူဇာ၊ မလင်းလင်းထက်၊ မဆုလာဘ်၊ မခိုင်သဉ္ဇာ၊ မအိမ့်ချစ်ဖူး၊ မငါးမြာနှင့် မသွန်းနွယ်စုတို့ ယှဉ်ပြိုင်ကစားခဲ့သည်။
အမျိုးသားအသင်းလိုက် အုပ်စုပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲငယ်၌ ထိုင်းအသင်းမှ BWF Ranking 3 ကစားသမားနှင့်လည်းကောင်း၊ ဒုတိယပွဲငယ်၌ BWF Ranking 14 ကစားသမားနှင့် လည်းကောင်း၊ တတိယပွဲငယ်၌ BWF Ranking 39 တို့နှင့်လည်းကောင်း ပွဲကြီး ၃ ပွဲအား ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ထိုင်းအသင်းက မြန်မာအသင်းကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိ ခဲ့သည်။
အဆိုပါ ကြက်တောင်အမျိုးသားအသင်းလိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းမှ မောင်ဟိဏ်းထွဋ်၊ မောင်ဘုန်းပြည့်နိုင်၊ မောင်လာဇွီးဒီးကာ၊ မောင်ဖြိုးသူရိန်ကျော်၊ မောင်ဘုန်းထက်ဇော်၊ မောင်ဟိန်းသီဟအောင်၊ မောင်ဉာဏ်ရှိန်လင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကြက်တောင် အမျိုးသား/ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲများကို နံနက်ပိုင်းမှစတင်၍ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


